ရန်ကုန်၊ မတ် ၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် နန့်ယာကားလမ်းမကြီး ပိတ်ထားသည်မှာ နှစ်ပတ်နီးပါးကြာခဲ့ပြီး ယနေ့အချိန်ထိ ဖွင့်လှစ်ခြင်းမရှိပဲ ကုန်ကားများနှင့် အိမ်စီးကားများ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ဖားကန့်-နန့်ယာ ကားလမ်းမကြီးကို ဧပြီ ၂၂ ရက်နေ့မှစ၍ KIA, PDF ပူးပေါင်းတပ်များက ကားကြီ၊ ကားသေးများ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပြီးနောက် ယနေ့အချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးသောကြောင့် ကုန်ကားများနှင့် အိမ်စီးကားများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
“ကားလမ်းက ပိတ်ထားတာ ၁၀ ရက်ကျော်လောက်တော့ရှိပြီ။ လမ်းကောင်းဘက်ကိုပိတ်ထားတော့ လမ်းဆိုးတွေဘက်ကနေ အဆင်ပြေသလိုသွားလာနေကြရတယ်။ ကားတွေလည်းပျက်စီးတယ်။ မိုးတွင်းမဟုတ်သေးတဲ့အခြေအနေတောင် ကားတစ်စီးနဲ့တစ်စီးသွားဖို့ အင်မတန်ခက်ခဲနေပါတယ်။ ကုန်ပါတဲ့ကားတွေဆို ပိုဆိုးပါတယ်။ ရောက်သင့်တဲ့အချိန်မရောက်တဲ့အတွက် ပုပ်ကုန်တွေဆိုရင် အဆင်မပြေပါဘူး။ ခရီးသွားတွေအတွက်လည်း စိတ်မချရပါဘူး။ တောလမ်းဖြစ်တဲ့အတွက်ကြောင့် ဖြစ်နိုင်ရင် လမ်းကိုအမြန်ဆုံးပြန်ဖွင့်ပေးရင် ကောင်းပါတယ်။” ဟု ကုန်ကားသမားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဖားကန့်-နန့်ယာ ကားလမ်းမကြီး ပိတ်ထားပြီးနောက် ကုန်စည်စီးဆင်းမှုမရှိခြင်းကြောင့် ကုန်စျေးနှုန်းများ မြင့်တက်လာခဲ့ရာ အခြေခံလူတန်းစားများမှာ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
“ကုန်ဆို အဝင်မရှိသလောက်ဖြစ်နေပါပြီ။ ရှိတာတွေရောင်းချ။ ရောင်းချနေတဲ့သူတွေကလည်း စျေးတွေတက်။ လက်လုပ်လက်စားသမားတွေအနေနဲ့က လတ်တလော ကြက်သားတောင် ဝယ်မစားနိုင်းဘူး။ ကြက်ဥတစ်လုံးကို ၁၃၀၀၊ ၁၅၀၀ ကျပ်ဖြစ်နေပါပြီ။ အသားငါးစျေးဆို သိန်းချီရှိပါတယ်။ အသီးအရွက်ကလည်း အလားတူစျေးတွေတက်တယ်။ ခရမ်းချဉ်သီးဆိုရင် တစ်ပိဿာကို နှစ်သောင်းနီးပါးရှိတယ်။ ဒီကုန်စျေးနှုန်းတွေနဲ့ ဘယ်လိုရှေ့ဆက်ရမလဲမသိဘူး။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဖားကန့်-နန့်ယား ကားလမ်းပိတ်ဆို့ထားမှုကြောင့် ကားအစီးရေ ရာနှင့်ချီကာ ပိတ်မိနေခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေပြီး ဆန်၊ ဆီ၊ ဆေးဝါးနှင့် လောင်စာဆီဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့်ဒေသခံများ ဝက်သား၊ ကြက် သား၊ ငါး၊ အားလူးနှင့် ကြက်ဥ စသည့်စားသောက်ကုန်အချို့ စျေးနှုန်းမြင့်တက်လာခဲ့ခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ(ဖားကန်ကားလမ်းပိတ်ထားခြင်းကြောင့် လမ်းဆိုးများကို အသုံးပြုသွားလာနေရပုံ)
ယနေ့ခေတ်
ဖားကန့်-နန့်ယာ ကားလမ်းပိတ်ဆို့ထားခြင်းကြောင့် ကုန်ကားများနှင့် အိမ်စီးကားများ အခက်အခဲများဖြစ်ပေါ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်