ဖြူးမြို့တွင် ကလေးသုံးဦး ရေနစ်သေဆုံး

ရန်ကုန်၊ ဇွန် ၁၆

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့တွင် မောင်နှမသုံးဦး ရေမြောင်းအတွင်း ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက်၊ နေ့လည်ပိုင်းက ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်တွင် မောင်နှမသုံးဦး ရေမြောင်းအတွင်း ရေဆော့ကစားရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က နေလည်းပိုင်လောက်မှာဖြစ်တာ ကလေးတွေကျောင်းဆင်းချိန်လားမသိဘူး။ သုဿန်နားအနားမှာက မြောင်းတူးထားတာ။ အဲ့မြောင်းနားမှာ ဆော့ပုံရတယ်။ ကလေးတွေက အသက်တွေငယ်ကြသေးတယ်။ သုံးယောက်လုံးက မောင်းနှမအရင်းတွေ။ နှစ်ယောက်က အမွှာလို့သိရတယ်။ မိဘတွေတော့ ရင်ကွဲရပြီပေါ့။ ကလေးသုံးယောက်လုံး အခုလိုဖြစ်ရတာဆိုတော့။ အသက်တွေက ၁၀ နှစ်ကျော်နဲ့ ၇ နှစ်အရွယ်ပဲ။ ကြားရတာတော့ စိတ်မကောင်းဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရေမြောင်းအတွင်သေဆုံးသွားသည့် မောင်နှမသုံးဦး၏ ရုပ်အလောင်းများကို ဒေသခံလူမှုကူညီရေးအသင်းများက နေအိမ်သို့ ကူညီပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇွန်လ ၄ ရက်၊ နေ့လည်ပိုင်းကလည်း မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်၊ မခန္တီးဆိပ်တွင် လူငယ်နှစ်ဦးရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ပြီး၊ တစ်ဦးသာပြန်လည်တွေ့ရှိသေးကြောင်း သိရသည်။

ထို့အပြင် မေလ ၂၄ ရက်ကလည်း စဉ့်ကိုင်မြို့၊ ပေါ်တော်မူဘုရားအနီး၊ ဒုဌဝတီမြစ်အတွင်း အမျိုးသားနှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မေလနှင့် ဇွန်လအတွင်း တိုင်းနှင့် ပြည်နယ်နေရာအချို့တွင် ရေနစ်သေဆုံးသူ ကျောင်းသူ ကျောင်းသားများအပါအဝင် ၂၀ ဦးထက်မနည်းရှိကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – နာရေးကူညီမှုအသင်း ကညွှတ်ကွင်း
ယနေ့ခေတ်

ဖြူးမြို့တွင် ကလေးသုံးဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.