ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေထွက်ကုန်တင်ပို့မှု လုံးဝရပ်ဆိုင်းနေသဖြင့် ကုန်သည်များ အခက်ကြုံ

ရန်ကုန်၊ဇန်နဝါရီ ၈

ရခိုင်ပြည်နယ်၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေထွက်ကုန်တင်ပို့မှု လုံးဝရပ်ဆိုင်းနေသဖြင့် ကုန်သည်များအခက်ကြုံနေကြောင်း လုပ်ငန်းရှင် များ၏ ပြောပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် လမ်းပိုင်းအားလုံးကို နစကဘက်မှ ပိတ်ထားသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်ရေးသည်လည်း အဓိကရပ်ဆိုင်း သွားခဲ့ခြင်းဖြစ်သည်။

“ခုချိန်ထိလည်း လမ်းကြောင်းက ပြန်မဖွင့်သေးဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရေထွက်ကုန်အနေနဲ့ ငါးမြစ်ချင်းတွေကို အဓိကတင်ပို့တာ။ အခုကျတော့ မပို့ရတော့ဘူး။ လုံးဝရပ်နေ တာပေါ့။ အဆင်မပြေဘူး။ တရုတ်တို့၊ ထိုင်းတို့ဘက်ဆိုရင် ပို့တဲ့လမ်းကြောင်းကအများကြီး။ ဒီမှာကမရှိဘူး။” ဟု ရေထွက်ကုန်တင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ ၂၉ ရက်အထိ ကိုးလတာကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၁၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈၉ သန်းနှင့် စုစုပေါင်းကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၀၃ သန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

အလားတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅၇၄ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သည့်အတွက် ယခုနှစ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ထက်ဝက်လျော့ကျ ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ကုန်သွယ်ရေးလမ်းကြောင်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်၊ ချင်း အစရှိသည့် စိုက်ပျိုးရေးထွက်ကုန်များနှင့် ရေချိုငါး အဓိကတင်ပို့နေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေထွက်ကုန်တင်ပို့မှု လုံးဝရပ်ဆိုင်းနေသဖြင့် ကုန်သည်များ အခက်ကြုံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.