ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်၊ ပြည်ပကုန်စည်တင်ကားများ သွားခွင့်မပြုသေး ဟုဆို

ရန်ကုန်၊ ဧပြီ ၂

ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ယနေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပြည်ပကုန်စည်တင်ကားများ သွားခွင်မရသေးကြောင်း သိရသည်။

သုံးနှစ်ကျော်အကြာ ပိတ်ထားသည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ယနေ့နံနက်ပိုင်က ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ခရီးသည်တင်ကား၊ ပြည်တွင်းကုန်စည်တင် ကုန်ကားများ၊ အိမ်စီးကားများနှင့် ဆိုင်ကယ်များသာ တရားဝင်သွားလာခွင့်ပြုထားပြီး၊ ပြည်ပကုန်စည်တင်ကားများ သွားလာခွင့်မပြုသေးကြောင်း သိရသည်။

“အခု သူတို့ဖွင့်ပေးတာတော့ ခရီးသည်ကားတွေကို အဓိကဖွင့်ပေးတာပေါ့နော်။ ကုန်ကားတွေကိုတော့ ထိုင်းကုန်တင်လာရင် သွားခွင့်ပေးသေးဘူး။ ပြီးတော့ သွင်းကုန်လိုင်စင်တွေလည်း updated က ဘာမှမရှိသေးဘူးဆိုတော့ ကုန်ကားတွေအတွက် ထူးခြားမှုတော့မရှိသေးဘူးပေါ့နော်။ ပြီးတော့ အာရှလမ်းမကြီး ပိတ်ထားတာက သုံးနှစ်လောက်ကြာသွားပြီ။” ဟု မြဝတီနယ်စပ်မှ ကုန်သည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် မြဝတီမှကုန်ကားများ သွားလာခွင့်မရရှိသေးသည့်အတွက် တာချီလိတ်နယ်စပ်-မယ်ဆိုင်နှင့် ကော့သောင်းဘက်တို့မှ သွားလာနေရကြောင်း သိရသည်။

“လမ်းတွေပိတ်ထားတဲ့အချိန်မှာ တစ်ခြားလမ်းကသွားလာတဲ့ လမ်းခရီးတွေမှာ ကြမ်းတမ်းတာတွေရှိတယ်။ ကားတွေအတက်အဆင်းတွေကို ချိန်သွားရတာတွေလည်းရှိတယ်။ လမ်းမှာကောက်တဲ့ အခွန်အကောက်တွေကလည်းများတယ်။” ဟု မြဝတီနယ်စပ်မှ ကုန်သည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်နေ့မှစ၍ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားဖြတ်၍ ကုန်စည်အဝင်များကို မြန်မာဘက်မှ ပိတ်ဆို့ထားပြီး ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများကိုတွေ့ရှိပါက ဖမ်းစီးအရေးမှုများလည်းရှိနေကြောင်း သိရသည်။

“သူတို့ကပိတ်ထားတဲ့အချိန်မှာ ပစ္စည်းတွေကိုတွေ့ရင်တော့ တရားမဝင်ကုန်တွေကတော့ ဆွဲချတာပေါ့နော်။ လမ်းကတော့ တရားဝင်ဖွင့်ထားပေးမဲ့ ကုန်တွေအတွက်ကတော့ တရား မဝင်သေးဘူးပေါ့နော်။ ပစ္စည်းတွေ့ရင်တော့ အရေးယူတာတို့ ဆွဲချတာတော့ရှိတယ်။“ ဟု ကုန်သည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှစ၍ ထိုင်းနိုင်ငံမှ ဆေးဝါးနှင့် လူသုံးကုန်များအပါအဝင် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃၀ ကျော် တင်သွင်းမှုကို ယနေ့အချိန်ထိ မြန်မာအစိုးရဘက်မှ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ- သတင်းမှန်ပြန်ကြားရေး
ယနေ့ခေတ်

ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်၊ ပြည်ပကုန်စည်တင်ကားများ သွားခွင့်မပြုသေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.