လာပါ့ဇ်၊ ဖေဖော်ဝါရီ ၂၈
ဘိုလီးဗီးယားနိုင်ငံ၊ မြို့တော်လာပါ့ဇ်အနီးတွင် ငွေစက္ကူများတင်ဆောင်လာသော ဘိုလီးဗီးယားစစ်ဘက် ကုန်တင်လေယာဉ်တစ်စင်းသည် သောကြာနေ့က ဆင်းသက်စဉ်ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး၊ ပြန့်ကျဲနေသည့်ငွေစက္ကူများကို လုယူနေသူများကို ရဲများကမောင်းထုတ်ခဲ့ရသည်။
C-130 Hercules သယ်ယူပို့ဆောင်ရေးလေယာဉ်သည် အယ်လ်အယ်လ်တို အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ပြေးလမ်းမှလမ်းကြောင်းပြောင်းကာ လမ်းမတစ်ခုထဲသို့ဝင်တိုက်မိခဲ့ပြီး ကားများစွာနှင့် ထရပ်ကားများစွာပျက်စီးခဲ့ကြောင်း ဒေသခံမီဒီယာများ၏ ရုပ်သံမှတ်တမ်းများတွင် မြင်တွေ့ရသည်။
လေယာဉ်ပျက်ကျရာလမ်းတွင် ပျက်စီးနေသောလေယာဉ်၏ အစိတ်အပိုင်းများကို မြင်တွေ့ခဲ့ရသည်။
လေယာဉ်သည် ဗဟိုဘဏ်မှ အခြားမြို့များသို့ ငွေစက္ကူအသစ်များ သယ်ယူပို့ဆောင်နေခြင်းဖြစ်ပြီး၊ လေယာဉ်ပျက်ကျရာနေရာတွင် ငွေစက္ကူအများအပြား မြေပြင်ပေါ်တွင်ပြန့်ကျဲနေသည်။

ပျက်ကျရသည့်အကြောင်းရင်းကို ချက်ချင်းမသိရသေးသော်လည်း ထိုအချိန်ကရာသီဥတုမှာ အန္တရာယ်များကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။
လေယာဉ်ပျက်ကျချိန်တွင် မိုးသီးသည်းထန်စွာရွာသွန်းနေပြီး မိုးကြိုးပစ်ခဲ့ကြောင်း လေယာဉ်အပျက်အစီးများထိမှန်ခဲ့သော အသက် ၆၀ အရွယ်ဈေးသည် ခရစ္စတီးနာ ချော့ကလက်က AFP သို့ ပြောကြားသည်။
“တာယာက ကျွန်မတို့အပေါ် ပြုတ်ကျတာပါ။ ကျွန်မရဲ့သမီး ဒဏ်ရာရတယ်။ ခေါင်းမှာလည်း ဒဏ်ရာရတယ်” ဟု သူမက ထပ်လောင်းပြောကြားသည်။
အမျိုးသားမီးသတ်ဌာနမှ ဗိုလ်မှူးကြီး ပါဗယ် တိုဗာက လူ ၁၅ ယောက်မှ ၁၆ ယောက်အထိသေဆုံးသည်ဟု သတင်းထောက်များကို ပြောသည်။
“မတော်တဆမှုမှာ ထိခိုက်ခံစားခဲ့ရတဲ့လူတွေရဲ့ အလောင်းတွေကို ကျွန်တော်တို့ ပြန်လည်ရှာဖွေနေပါတယ်” ဟု ၎င်းက ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ်အချက်အလက်များ မထုတ်ပြန်ခဲ့ဘဲ လေယာဉ်ပျက်ကျမှုကို အတည်ပြုခဲ့သည်။
မီးသတ်သမားများက အနည်းဆုံး လူ ၂၀ ဒဏ်ရာရကြောင်း သတင်းထုတ်ပြန်သည်။
ဘိုလီးဗီးယား လေကြောင်းသွားလာရေးနှင့် လေဆိပ်အာဏာပိုင် NAABOL က C-130 လေယာဉ်သည် အရှေ့ပိုင်း စင်တာခရုဇ်မြို့မှထွက်ခွာပြီး နိုင်ငံတကာလေဆိပ်တွင်ဆင်းသက်စဉ် ပျက်ကျခဲ့ပြီး လေဆိပ်က လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းထားကြောင်း ကြေညာချက်တစ်စောင်တွင် ပြောကြားသည်။
C-130 Hercules လေယာဉ်သည် ဘိုလီးဗီးယားငွေစက္ကူများကို သယ်ဆောင်လာစဉ် ပျက်ကျမှုကြောင့် လမ်းမပေါ်တွင် ငွေစက္ကူများပြန့်ကျဲနေသည်။ ဒေသခံမီဒီယာများရိုက်ကူးထားသည့် ဗီဒီယိုတွင် ရဲများက မျက်ရည်ယိုဗုံးသုံးပြီး ငွေစက္ကူများလုယက်နေသူများကို လူစုခွဲနေသည်ကို တွေ့ရသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်တွင် “ပျက်ကျသွားသောလေယာဉ်တွင် သယ်ဆောင်လာသောငွေများတွင် တရားဝင်ငွေစက္ကူနံပါတ်မပါရှိဟု ဆိုသည်။
“၎င်းကို စုဆောင်းခြင်း၊ ပိုင်ဆိုင်ခြင်း သို့မဟုတ် အသုံးပြုခြင်းသည် ရာဇဝတ်မှုတစ်ခုဖြစ်သည်” ဟု ဖော်ပြထားသည်။
လာပါ့ဇ်အစိုးရရှေ့နေရုံးသည် လမ်းများပေါ်ရှိ ရှုပ်ထွေးမှုများကို အခွင့်ကောင်းယူသော ရာဇဝတ်သားများက စီးပွားရေးလုပ်ငန်းများကို လုယက်မှုဆိုင်ရာ အစီရင်ခံစာများကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။
“လူ ၁၂ ဦးကို မေးမြန်းစစ်ဆေးရန် ဖမ်းဆီးထားသည်” ဟု အစိုးရရှေ့နေ လူးဝစ်ကာလို့စ်တောရက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ဘိုလီးဗီးယားတွင် ဒုတိယအရေးအကြီးဆုံးဖြစ်သော အယ်လ်အယ်လ်တို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားသည်။
အင်ဒီးယန်းတောင်တန်းများ ဝန်းရံထားသော လာပါ့ဇ်သည် မီတာ ၃၆၅၀ အမြင့်တွင်ရှိပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံးအုပ်ချုပ်ရေးမြို့တော်ဖြစ်သည်။
Ref: bangkokpost.com
#ယနေ့ခေတ်
ဘိုလီးဗီးယားတွင် ငွေစက္ကူများတင်ဆောင်လာသော လေယာဉ်ပျက်ကျ ၁၅ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်