ဘေရွတ်၊ မတ် ၁၆
ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များကို တနင်္ဂနွေနေ့နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်က တိုက်ခိုက်မှုအသစ်စတင်လိုက်သည်။ ဘေရွတ်မြို့တော်ရှိ ဟစ်ဇ်ဘိုလာ အခြေခံအဆောက်အအုံများကို အဓိကထားတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့တော်ရှိ AFP သတင်းထောက်များ ကြားသိခဲ့ရသော သန်းခေါင်ယံတိုက်ခိုက်မှုသည် အစ္စရေးစစ်တပ်မှ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များမှ ပြည်သူများကို ရွှေ့ ပြောင်းရန်သတိပေးချက်ကို မနက်ခင်းတွင် ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးသည် ပြီးခဲ့သည့်နှစ်ပတ်အတွင်း ဘေရွတ်ကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုအပြီးမကြာမီ “ ဘေရွတ်မြို့ရှိ ဟစ်ဇ်ဘိုလာ အကြမ်းဖက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှု ပြုလုပ်နေသည်” ဟု အစ္စရေးစစ်တပ်က လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့နံနက်တွင် ဘေရွတ်မြို့တောင်ပိုင်းရှိ AFP ဓာတ်ပုံဆရာတစ်ဦးသည် အပျက်အစီးများပြည့်နှက်နေပြီး အဆောက်အအုံများ ပြားပြားဝပ်နေသည်ကို မြင်တွေ့ခဲ့ရသည်။ ယခင်ရက်များက တိုက်ခိုက်မှုများအပြီး မီးခိုးများလည်း ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။
မတ်လ ၂ ရက်နေ့တွင် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့သည် အမေရိကန်-အစ္စရေးတိုက်ခိုက်မှုများတွင် အီရန်၏အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အသတ်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကို တိုက်ခိုက်ခဲ့ချိန်တွင် လက်ဘနွန်နိုင်ငံသည် အရှေ့အလယ်ပိုင်းစစ်ပွဲထဲသို့ ဆွဲခေါ် ခံခဲ့ရပြီး အစ္စရေးသည် အိမ်နီးချင်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများနှင့် နယ်စပ်ဒေသများသို့ တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်ခဲ့သည်။
လက်ဘနွန်အာဏာပိုင်များက အစ္စရေး၏တိုက်ခိုက်မှုများတွင် သေဆုံးသူဦးရေသည် ၈၅၀ အထိ မြင့်တက်လာခဲ့ပြီး လူပေါင်း ၈၃၀,၀၀၀ ကျော်သည် အိုးမဲ့အိမ်မဲ့များဖြစ်ခဲ့ပြီး ၎င်းတို့အနက် ၁၃၀,၀၀၀ ခန့်သည် စုပေါင်းအမိုးအကာများအောက်တွင် နေထိုင်ကြသည်။
တနင်္ဂနွေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိုးမဲ့အိမ်မဲ့ပြည်သူများအပေါ် ပိုမိုဆိုးရွားသောဒုက္ခများ ဖြစ်ပေါ် စေခဲ့ပြီး ၎င်းတို့အနက် ရာပေါင်းများစွာသည် ဘေရွတ်မြို့လယ်ရှိ ပင်လယ်ကမ်းစပ်အနီးတွင် တဲများဖြင့် အိပ်စက်နေထိုင်ခဲ့ကြသည်။
ဘေရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံးမှ အိုးမဲ့အိမ်မဲ့ဖြစ်နေသော အသက် ၄၂ နှစ်အရွယ် ကော်ဖီဆိုင်ပိုင်ရှင် နာဒါက ၂၀၂၄ ခုနှစ်တွင် အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခအပြီးတွင် ၎င်း၏အိမ်ကို ပြန်လည်တည်ဆောက်ခဲ့ပြီး ထပ်မံပျက်စီးသွားမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
“ ဒီမှာ ကျွန်တော်တို့မှာ ဘာမှမရှိဘူး။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေတိုက်တာတွေကြောင့် အခြေအနေကအရမ်းဆိုးရွားနေတယ်။ အရမ်းအေးတယ်၊ ကလေးငယ်တွေအများကြီး ဖျားနာနေကြတယ်၊ ကျွန်တော်တို့ သူတို့ကိုမကာကွယ်နိုင်ဘူး” ဟု ၎င်းက AFP သို့ ပြောကြားခဲ့သည်။
လက်ဘနွန်နိုင်ငံရှိ ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) က ငြိမ်းချမ်းရေးထိန်းသိမ်းသူများ သုံးကြိမ်ပစ်ခတ်ခံခဲ့ရပြီး နိုင်ငံတောင်ပိုင်းရှိ “ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များက ဖြစ်နိုင်သည်” ဟု တနင်္ဂနွေနေ့တွင် ပြောကြားသည်။ လက်ဘနွန်၏တရားဝင်အမျိုးသားသတင်းဌာန (NNA) က အစ္စရေး၏လက်ချက်ဟု ယူဆထားသော နေရာတစ်ခု ပစ်ခတ်ခံရ ပြီးနောက် နှစ်ရက်အကြာတွင်ဖြစ်သည်။
နှစ်ပတ်ကြာဖြစ်ပွားနေသော ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့နှင့် နောက်ဆုံးစစ်ပွဲကိုအဆုံးသတ်ရန် လက်ဘနွန်နှင့် တိုက်ရိုက်ဆွေးနွေးရန် အစီအစဉ်မရှိကြောင်း အစ္စရေးက ပြောကြားခဲ့သည်။ ဘေရွတ်သည် အစ္စရေးနှင့် ညှိနှိုင်းရန် ကိုယ်စားလှယ်အဖွဲ့တစ်ခု ပြင်ဆင်နေကြောင်း လက်ဘနွန်အရာရှိတစ်ဦးက ပြောကြားပြီးနောက် တစ်ရက်အကြာတွင် အဆိုပါကြေ ညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
Ref: bangkokpost.com
ယနေ့ခေတ်
ဘေရွတ်မြို့ တောင်ပိုင်းကို အစ္စရေးတိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်