နယူးဂျာစီ၊ ဇွန် ၈
ဒေါ်နယ်ထရမ့်က ၎င်း၏ဘီလီယံနာအလှူရှင် အီလွန်မက်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အီလွန်မက်စ်က သမ္မတ၏ အခွန်ကောက်ခံမှုနှင့် အသုံး စရိတ်ဥပဒေကြမ်းကို ဆန့်ကျင်မဲပေးသည့် ဒီမိုကရက်များကို ရန်ပုံငွေထောက်ပံ့ပါက ပြင်းထန်သောအကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း စနေနေ့ (ဇွန် ၇) တွင် သတိပေးခဲ့သည်။
NBC News နှင့် တယ်လီဖုန်းအင်တာဗျူးတစ်ခုတွင် မည်သို့သောအကျိုးဆက်များ ဖြစ်လာမည်ကိုပြောကြားရန် ထရမ့်က ငြင်းဆိုခဲ့ပြီး၊ မက်စ်ကို စုံစမ်းစစ်ဆေးရန်ရှိ/မရှိနှင့်ပတ်သက်၍ ဆွေးနွေးမှုများ မပြုလုပ်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
Tesla နှင့် SpaceX တို့၏ CEO နှင့် ဆက်ဆံရေးပြီးဆုံးသွားပြီလားဟုမေးရာ ထရမ့်က “ ကျွန်တော်ထင်ပါတယ်၊ ဟုတ်ပါတယ်” ဟု NBC News ကို ပြောကြားခဲ့သည်။
မက်စ်နှင့် သူ၏ဆက်ဆံရေးကို ပြုပြင်လိုစိတ်ရှိ/မရှိ မေးမြန်းရာတွင် “ ကျွန်တော် သူ့ကိုစကားပြောဖို့ ရည်ရွယ်ချက်မရှိပါဘူး” ဟု ထရမ့်က NBC ကို ပြောကြားခဲ့သည်။
သို့သော် မက်စ်၏ StarLink ဂြိုလ်တုအင်တာနက် သို့မဟုတ် SpaceX ဒုံးပျံလွှတ်တင်ရေးကုမ္ပဏီများနှင့် အမေရိကန်အစိုးရ၏ စာချုပ်များကိုရပ်ဆိုင်းရန် မစဉ်းစားခဲ့ကြောင်း ထရမ့်ကပြောကြားသည်။
ထရမ့်၏ အခွန်ကောက်ခံမှုနှင့် အသုံးစရိတ်ဥပဒေကြမ်းကို “ ရွံရှာဖွယ် စက်ဆုပ်ဖွယ်” အဖြစ် အီလွန်မက်စ်က ရှုတ်ချသောကြောင့် ယခုသီတင်းပတ်တွင် မက်စ်နှင့် ထရမ့်တို့ အပြန် အလှန်ရန်လိုမှုများ ဖြစ်ပေါ်ခဲ့သည်။
အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တွင် ရီပတ်ဘလီကန်များက နည်းငယ်အသာစီးယူထားသည့် ကွန်ဂရက်တွင် ဥပဒေပြုရန်ကြိုးပမ်းမှုများကို မက်စ်၏ဆန့်ကျင်မှုက အခြေ အနေကို ပိုမိုရှုပ်ထွေးစေသည်။
အဆိုပါဥပဒေကြမ်းသည် ပြီးခဲ့သည့်လက အောက်လွှတ်တော်တွင် ပွတ်ကာသီကာကျော်ဖြတ်ခဲ့ပြီး ယခုအခါ ထရမ့်၏ ရီပတ်ဘလီကန်ပါတီဝင်များက အထက်လွှတ်တော်ရှေ့တွင် အပြောင်းအလဲများပြုလုပ်ရန် ရောက်ရှိနေပြီဖြစ်သည်။
ဘက်မလိုက်သည့် ခွဲခြမ်းစိတ်ဖြာသူများက အဆိုပါလုပ်ဆောင်ချက်သည် ၁၀ နှစ်တာကာလအတွင်း US$ 36.2 ထရီလီယံရှိနေသည့် အမေရိကန်ကြွေးမြီကို နောက်ထပ် US$ 2.4 ထရီလီယံတိုးလာမည်ဟု ခန့်မှန်းထားပြီး၊ ရီပတ်ဘလစ်ကန်အချို့အပါအဝင် လွှတ်တော်အမတ်အများအပြားကို စိုးရိမ်ပူပန်စေခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် “ အလယ်အလတ်လူတန်းစား ၈၀% ကိုကိုယ်စားပြုသည့် နိုင်ငံရေးပါတီအသစ်တစ်ခု ပေါ်ပေါက်ချိန်တန်ပြီ” ဟု မက်စ်က ကြေညာခဲ့သည်။
ဇူလိုင်လ ၄ ရက်၊ လွတ်လပ်ရေးနေ့ အားလပ်ရက်တွင် ဥပဒေကြမ်းကိုအတည်ပြုနိုင်မည်ဟု ယုံကြည်ကြောင်း ထရမ့်က စနေနေ့တွင် ပြောကြားခဲ့သည်။
“ တကယ်တော့ ဟုတ်တယ်၊ အဲဒါကို မဲပေးမယ့်သူတွေက စိတ်အားထက်သန်စွာမဲပေးဖို့ မျှော်လင့်နေပြီး အဲဒါကိုကျော်ဖြတ်ဖို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်” ဟု ထရမ့်က NBC သတင်းဌာနသို့ ပြောကြားသည်။
သမ္မတအား စွပ်စွဲပြစ်တင်ခြင်းကို ထောက်ခံမှုအပါအဝင် Trump ကိုဝေဖန်သည့် လူမှုမီဒီယာမှပို့စ်အချို့ကို ကြာသပတေးနေ့တွင် မက်စ်က ဖျက်ပစ်ခဲ့သည်။
ဒီမိုကရက်များထိန်းချုပ်ထားသော အောက်လွှတ်တော်သည် ထရမ့်၏သမ္မတပထမသက်တမ်းတွင် စွပ်စွဲပြစ်တင်ရန် နှစ်ကြိမ်တိုင်တိုင် မဲခွဲဆုံးဖြတ်ခဲ့သော်လည်း အထက်လွှတ်တော်က နှစ်ကြိမ်လုံး တရားသေလွှတ်ပေးခဲ့သည်။
မက်စ်ဖျက်လိုက်ပုံရသည့် X ပို့စ်များထဲမှတစ်ခုတွင် “ သမ္မတနဲ့ အီလွန် ဘယ်သူနိုင်မလဲ။ ထရမ့်ကို စွပ်စွဲပြစ်တင်သင့်ပြီး (ဒုတိယသမ္မတ) ဂျေဒီ ဗန့်စ်ကို အစားထိုးသင့်တယ်။” ဟု မက်စ်က ရေးသားခဲ့သည်။
“ ကျွန်တော်က သမ္မတအပေါ် အမြဲသစ္စာစောင့်သိနေမှာပါ၊ နောက်ဆုံးမှာ အီလွန်က ဒီအဝန်းအဝိုင်းထဲကို ပြန်ဝင်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အခုမဖြစ်နိုင်ဘူးလို့ ကျွန် တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်မျှော်လင့်ပါတယ်။ မက်စ်က မယုံနိုင်စရာ စွန့်ဦးတီထွင်သူပါ” ဟု ဂျေဒီ ဗန့်စ်က ပြောကြားခဲ့သည်။
Ref: CNA
#ယနေ့ခေတ်
မက်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီဟု ထရမ့်ကပြောကြား၊ ဒီမိုကရက်များကို ငွေကြေးထောက်ပံ့ပါက ပြင်းထန် သောအကျိုးဆက်များကို ဖြစ်ပေါ်လာမည်ဟု ထရမ့်ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်