မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ရေများဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ နေအိမ်များရွှေ့ပြောင်းနေရ ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၃

မကွေးတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် မြို့ငါးမြို့ထက်မနည်း ဧရာဝတီမြစ်ရေများဝင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး၊ နေအိမ်များရွှေ့ ပြောင်းနေရကြောင်း သိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့မှစ၍ မကွေးတိုင်းအတွင်းရှိ မကွေး၊ မြင်းမူ၊ ရေနံချောင်း၊ မင်းလှ၊ ချောက်မြို့၊ ပခုက္ကူ၊ အောင်လံ၊ ကံမ၊ ပွင့်ဖြူ၊ စသည့်မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်ခြင်းကြောင့် ဧရာဝတီမြစ်ရေများဝင်ကာ နေအိမ်များရွှေ့ပြောင်းနေရကြောင်း သိရသည်။

“ရေဝင်တာကတော့ နှစ်တိုင်းတော့ဖြစ်နေကြပါ။ အခုကတော့ အယ်နီညိုကြောင့်လည်းပါတယ်။ ရာသီဥတုက။ မြို့နယ်တွေမှာတော့ သူနေရာနဲ့သူ ကူညီမှုတွေလုပ်ဆောင်နေပါတယ်။ အဲ့ဘက်တွေက မြေနိမ့်ပိုင်းတွေဆိုတော့ ဧရာဝတီမြစ်ရေက ဝင်တာမြန်တယ်လို့ပြောရမယ်။ ဒေသခံတွေလည်း ဖြစ်နေကြဆိုပေမဲ့ စိုးရိမ်စိတ်တွေတော့ရှိတယ်။” ဟု မကွေးမြို့မှရေဘေးကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရေကြီးရေလျှံဖြစ်ပေါ်နေသည့် မကွေးတိုင်းအတွင်း မြို့နယ်အချို့ရှိ ကျေးရွာနှင့် ရပ်ကွက်များမှနေအိမ်များ နီးစပ်နေရာများသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

“မိုးရွာတာ သုံးလေးရက်တော့ရှိပြီ။ နေအိမ်က နှစ်ထပ်အိမ်တွေဆို အောက်ထပ်တော့ကျန်သေးတယ်။ မင်းဘူးဘက်ဆိုရင် လူတစ်ယောက် ရင်ဘက်လောက်ထိကိုနစ်တယ်။ တဖြေးဖြေးမြစ်ရေကတက်လာတာဆိုတော့ စိုးရိမ်ရတဲ့အခြေအနေတော့ရှိတာပေါ့။ ပြောင်းတဲ့သူတွေက ဆွေမျိုးအိမ်တွေတို့၊ ဘုန်းကြီးကျောင်းတို့ကိုပြောင်းကြတာ။” ဟု မကွေးမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မကွေးတိုင်း၊ မြင်းမူမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာမှ ၁၁၇၅ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ၁၅ စင်တီမီတာခန့်ကျဆင်းလာနိုင်ကာ စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုး/ဇလမှ ယနေ့ နေ့လည် ၁၂ နာရီ၊ မိနစ် ၃၀ ခန့်က ထုတ်ပြန်ထားသည်။

နောက် ၂၄ နာရီအတွင်း၊ မကွေးတိုင်း၊ အထက်မင်းလှ၊ မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီး၊ ဆင်ပေါင်ဝဲ၊ သရက်၊ မင်းတုန်း၊ အောင်လံ၊ ကျောက်ပန်းတောင်းရွာ၊ ရွှေပန်းတောရွာ၊ အောက်ကံမ စသည့်မြို့နယ်များတွင် မိုးကြီးနိုင်ကြောင်း မိုး/ဇလ ပညာရှင်တစ်ဦးဖြစ်သည့် ဒေါတာစိုင်းခွန်အာကာမှ လူမူကွန်ရက်တွင် ရေးသားထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ရေများဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ နေအိမ်များရွှေ့ပြောင်းနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.