မတ္တရာမြို့တွင် တံငါချောင်းမကြီး ရေလျှံမှုကြောင့် နေအိမ်များအရေးပေါ်ရွှေ့ပြောင်းခဲ့ရ ဟုဆို

ရန်ကုန်၊ ဩဂုတ် ၈

မန္တလေးတိုင်း၊ မတ္တရာမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တံငါချောင်းမကြီးတွင် ရေလျှံမှုဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းကျေးရွာများရှိ နေအိမ်များ အရေးပေါ်ပြောင်းရွှေ့ခဲ့ရ ကြောင်း သိရသည်။

ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်းမှစ၍ မတ္တရာမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တံငါးချောင်းမကြီး၊ ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းရှိ တံငါတောင်ကျေးရွာ၊ ရေချောင်းဗိုလ်ကျေးရွာ၊ ပုဂံစုကျေးရွာ၊ ရခိုင်စုကျေးရွာနှင့် အညာကိုင်းကျေးရွာတို့တွင် နေအိမ်များအတွင်း ရေများဝင်ရောက်မှုကြောင့် အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

“အိမ်တောင်စုကတော့ ရာနဲ့ချီမယ်ထင်တယ်။ ကျေးရွာကတော့ ငါးရွားလောက်ရှိတယ်။ မိုးကမနေ့ကရော ဒီနေ့ရော အသေချတာ။ ကားလမ်းတွေလည်း ရေတွေတက်။ သွားလာရ တာတွေလည်းခက်တယ်။ မြေနိမ့်ပိုင်းတွေကိုရေဝင်တာ လူတစ်ရပ်လောက်ရှိမယ်။ ကလေးတွေဆို နစ်သွားနိုင်တယ်။ ရွှေ့ပြောင်းကြတာတော့ နီးစပ်ရာတွေကို ရွှေ့ပြောင်းပေးကြပါတယ်။ ဒီရက်တွေဆက်ရွာမယ်ဆို အခြေအနေက စိုးရိမ်ရတယ်။” ဟု မတ္တရာမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရေကြီးရေလျှံဖြစ်ပေါ်နေသည့် ကျေးရွာများရှိ အိမ်ထောင်စုများကို ရေဘေးလွတ်ရာ အထက်တောင်ကိုင်းကျေးရွာ ဥမင်ကျေးရွာရှိ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနှင့် ရုံပင်ကျေး ရွာဘုန်းကြီးကျောင်းသို့ နယ်မြေခံမီးသတ်တပ်ဖွဲ့ များနှင့် ဒေသခံလူမှုကူညီရေးအသင်းများက ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ထိုအပြင် မန္တလေးတိုင်း၊ မတ္တရာမြို့ တံငါကျေးရွာတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး၊ ကားလမ်းများလည်း ရေကျော်မှု ဖြစ်ပေါ်ကာ ကားကြီး၊ ကားသေးများသွားလာရန် အခက်အခဲများဖြစ်ပေါ်ပြီး၊ မန္တလေး-မိုးကုတ်လမ်းပိုင်းလည်း ပိတ်ထားကြောင်း သိရသည်။

“ဒီနေ့ညနေလည်း ကူညီကယ်ဆယ်ရေးတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီနေ့အနေအထားနဲ့ဆိုရင်တော့ ရေက ၆ လက်မတော့ ကျသွားတယ်။ ၆ လက်မလောက်ကျသွားပေးမဲ့လည်း မန္တလေး-မိုးကုတ်လမ်းက သွားလို့တော့မရသေးပါဘူး။ အခုဆို မတ္တရာမြို့မှာ ကျေးရွာငါးရွာလောက်တော့ ရေကြီးရေလျှံမှုဖြစ်နေတယ်။ လမ်းကလည်းသွားလာလို့မရ သေးဘူး။ ရေတက်လာနိုင်ဖို့ကတော့ ရွာတဲ့မိုးကိုစောင့်ကြည့်ရမှာပါ။” ဟု လက်ပံလှ လူမှုကယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)တွင် ဩဂုတ်လ ၄ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ တောင်အချို့ပြိုကျပြီး၊ မြေပြိုခြင်းများဖြစ်ပေါ်ကာ နေအိမ် ၁၀ လုံးထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး၊ ဒဏ်ရာရရှိသူအချို့လည်းရှိခဲ့ကြောင်း သိရသည်။

နောက် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကလေး၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ အရာတော်၊ ဘုတလင်၊ စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ စသည့်နေရာများတွင် မိုးကြီးနိုင်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ တကောင်း၊ သပိတ်ကျင်း၊ ​မိုးကုတ်၊ မတ္တရာ၊ ပုသိမ်ကြီး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပလိပ်၊ မြစ်ငယ်၊ အမရပူရ၊ ပြင်ဦးလွင်၊ တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည် စသည့်နေရာများတွင်လည်း လာမည် ၂၄ နာရီအတွင် မိုးကြီးမည်ဟု မိုး/ဇလပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုင်းခွန်အာကာမှ ယနေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSDနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့လက်ပန်လှ
ယနေ့ခေတ်

မတ္တရာမြို့တွင် တံငါချောင်းမကြီး ရေလျှံမှုကြောင့် နေအိမ်များအရေးပေါ်ရွှေ့ပြောင်းခဲ့ရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.