ရန်ကုန်၊ မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင် ယမန်နေ့က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီဆေးရုံအနီး၊ သိင်္ဂီလမ်းထိပ်ရှိ စားသောက်ဆိုင် မတ်လ ၁၈ ရက်၊ ညနေ ၆ နာရီကျော်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်ရခြင်း၏ အကြောင်းအရင်းကို သက်ဆိုင်ရာမှ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ဘယ်ကနေစဖြစ်တာတော့မသိရဘူးဗျ။ မီးသတ်က သတ်မှတ်ချက်ပေါ့နော်။ ကျွန်တော်တို့လည်းသေချာမသိဘူး။ မီးလောင်တာ သတင်းကြားတော့မှပဲ မီးလောင်ပြင်ကို ရေကားတွေနဲ့သွားကြတာ။ ဘီယာဆိုင်ကတော့ ဆိုင်အရှေ့ ခြမ်းပဲလောင်သွားတာပါ။ လူထိခိုက်မှုတော့ မရှိပါဘူး။” ဟု ရှင်သန်ရေး လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်မှုသည် ညနေ ၆ နာရီ ၄၁ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ညနေ ၆ နာရီ၊ ၅၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့သည်။ အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ဝိုင်းဝနိးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၄ ရက်၊ ည ၈ နာရီကျော်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်(၁၀)လမ်းတွင် ကတ္ထူစက်ရုံမှတစ်ဆင့် အချိုရည်စက်နှင့် သကြားလုံးစက်ရုံတို့ကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်
မြောက်ဥက္ကလာပမြို့နယ်ရှိ စားသောက်ဆိုင် မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်