ယူကရိန်းနှင့် တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ပူတင်ဆို

မော်စကို၊ မေ ၁၁

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တာရှည်ခံငြိမ်းချမ်းရေးအတွက် မေလ ၁၅ ရက်နေ့တွင် တူရကီ၌ ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါပြောကြားချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုဆိုခဲ့သည်။

ပူတင်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းသို့ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာစေလွှတ်တိုက်ခိုက်ခဲ့ရာ စစ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။ အဆိုပါစစ်ပွဲသည် ၁၉၆၂ ကျူးဘားအကျပ်အတည်းနောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စုအကြား ဆိုးရွားသောထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပဋိပက္ခအဆုံးသတ်ရန်အတွက် ယခုအချိန်အထိ လိုက်လျောမှုအနည်းငယ်သာ ကမ်းလှမ်းထားသည့် ရုရှားခေါင်းဆောင်က တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်တွင်ပြုလုပ်မည့် ဆွေးနွေးပွဲများသည် စစ်ပွဲ၏မူလဇစ်မြစ်ကို ဖယ်ရှားရန်နှင့် ခေတ္တရပ်ခြင်းထက် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကို ပြန်လည်ထူထောင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။

“ကြိုတင်သတ်မှတ်ချက်တွေမပါဘဲ ကိဗ်နဲ့တိုက်ရိုက်ညှိနှိုင်းမှုတွေကိပြန်စဖို့ ကျွန်တော်တို့အဆိုပြုနေပါတယ်” ဟု ပူတင်က တနင်္ဂနွေအစောပိုင်းတွင် ကရင်မလင်နန်းတော်မှ ပြောကြားခဲ့သည်။

“အစ္စတန်ဘူလ်မှာ ကြာသပတေးနေ့မှာ ညှိနှိုင်းမှုတွေပြန်စဖို့ ကိဗ်အာဏာပိုင်တွေကို ကမ်းလှမ်းထားပါတယ်။ အပစ်အခတ်ရပ်စဲရေးကို ဦးတည်သွားနိုင်တယ်” ဟု ပူတင်ကဆိုသည်။ တနင်္ဂနွေနေ့နှောင်းပိုင်းတွင် တူရကီသမ္မတ အာဒိုဂန်နှင့်ဆွေးနွေးမည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတ ဇီလန်စကီ၏ရုံးနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့က အဆိုပါအဆိုပြုချက်အပေါ် မှတ်ချက်ပေးရန် ရိုက်တာ၏တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

ပူတင်၏အဆိုပြုချက်သည် စစ်ပွဲကိုအဆုံးသတ်ရန်အတွက် အပြုသဘောဆောင်သည်ဟု လူမှုကွန်ရက် Truth တွင် ထရမ့်က ချီးကျူးစကားရေးသားခဲ့သည်။

“ရုရှားနှင့် ယူကရိန်းအတွက် ကောင်းသောနေ့တစ်နေ့” ဟု ထရမ့်ကပြောသည်။ “သွေးထွက်သံယို အဆုံးသတ်ဖို့ သိန်းပေါင်းများစွာသော အသက်တွေကိုကယ်တင်ဖို့ အဆုံးသတ်နေ့ဟာ ရောက်လာပါပြီ” ဟု ၎င်းကဆက်ပြောသည်။

Ref: Bangkok Post

#ယနေ့ခေတ်

ယူကရိန်းနှင့် တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ပူတင်ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.