ရခိုင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်လအတွင်း လူ ၂၀ နီးပါးသေဆုံး ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၁

ရခိုင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် ဩဂုတ်လ ၁၀ ရက်အတွင်း သေဆုံးသူ ၂၀ နီးပါးရှိလာပြီး၊ ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိလာခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းအတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ပလက်ဝမြို့၊ ကျောက်ကြီးကျေးရွာတို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် စုစုပေါင်းသေဆုံးသူ ၂၀ နီးပါးရှိလာပြီး၊ ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိလာကြောင်း သိရသည်။

“လေကြောင်းကနေ ဒီရက်တွေမှာအလာစိပ်တော့ ပြည်သူတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့နေနေရတယ်။ သေဆုံးတာလည်းများတယ်။ လူကြီးပိုင်းတွေလည်းပါတယ်။ လူ ငယ်အရွယ်လေးတွေလည်းပါတယ်။ နေအိမ်တွေဆို ပျက်စီးတာများတယ်။ မနေ့ကဆို နေ့လယ်ပိုင်းလောက်ရှိမယ် ကျောက်ကြီးမြို့ကို လေကြောင်းကနေချတုန်းကဆို သေတာတွေများတယ်။ ဒဏ်ရာရတာတွေရော။ ဒီလထဲ သေဆုံးတာများတယ်။ ဒဏ်ရာရတာ ၁၀ ယောက်လောက်ကျော်မယ်ထင်တယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လနှင့် ဩဂုတ်လဆန်းပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အလုံး ၄၀ နီးပါးပျက်စီးကာ၊ မိသားစုဝင်သုံးဦးအပါအဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ လကုန်လောက်ကတော့ သံတွဲရွှေလှေဘက်မှာ လက်ပစ်ဗုံးကျတာ။ စျေးရောင်းတဲ့ဆိုင်ရှင်တွေ မိသားစုလိုက်ထိခိုက်ပြီး ဆုံးသွားကြတယ်။ ဆိုင်က အလုပ်သမားလားမသိဘူး တစ်ယောက်ထိတယ်။ သူတို့ဆိုင်ခန်းရော တခြားဆိုင်ခန်းတွေတော့ ပျက်စီးသွားတယ်ပြောတယ်။ ဇူလိုင်လနဲ့ ဩဂုတ်လမှာတင် ပျက်စီးတာများတယ်ပြောရမယ်။ မိုးတွင်ကြီးဆိုပေမဲ့ လက်နက်ကြီးတွေကျတော့လည်း ခံရတာပေါ့။” ဟု သံတွဲမြို့နှင့်နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လည် ၂ နာရီခန့်ကလည်း ပုဏ္ဏားကျွန်းမြို့ ယိုးငူကျေး ရွာစျေးတန်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကလေးငယ်အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး၊ ၂၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်ကလည်း မြောက်ဦးမြို့နှင့် ကျောက်ဖြူမြို့နယ်ရှိ ငလုံးစုကျေးရွာတို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နှင့် ကလေးငယ်အပါအဝင် သေဆုံးသူ ၅၀ နီးပါးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၈၀ နီးပါးရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ကျော်တော်၊ အမ်း၊ ဂွ၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ သံတွဲ စသည့်နေရာများတွင် အစိုးရတပ်နှင့် AA တို့ တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များလည်းရှိနေသေးကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – CJ (ဇူလိုင်လတွင်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများ)
ယနေ့ခေတ်

ရခိုင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်လအတွင်း လူ ၂၀ နီးပါးသေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.