ရန်ကုန်၊ မတ် ၇
ရခိုင်ပြည်နယ်မှ ကျောက်တော်နှင့် ပေါက်တောမြို့တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး၊ စစ်တွေမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
မတ်လဆန်းပိုင်းမှစ၍ စစ်တွေ၊ ကျောက်တော်နှင့် ပေါက်တော့မြို့တို့တွင် တိုက် ပွဲများနှင့်လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။
“ဖုန်လိုင်းကတော့ ရတစ်ချက်၊ မရတစ်ချက်ပဲ။ ကျောက်တော်မှာ ည ၂ နာရီကျော်လောက်ကြီးဗုံးကျဲတာ အလုံး ၂၀ လောက်ရှိတယ်။ အိမ်ကအမေတို့ မောင်လေးတို့ဆို မအိပ်ရဲဘူး။ ထွက်ပါပြေးရတာ။ ဖုန်းပြောမယ်ဆိုလည်း ဖုန်းလိုင်းရတဲ့နေရာကို သွားပြောရတာ။ တစ်ခါတလေ မိုးချုပ်မှလိုင်းရတယ်။” ဟု ကျောက်တော်မြို့မှ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မတ်လ ၆ ရက်၊ ည ၉ နာရီကျော်က ပေါက်တောမြို့အနီးတွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
“မနေ့ညကတော့ ပေါက်တောဘက်ကို ဗုံးတအားကြဲတယ်။ လူထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ အဲ့ဘက်မှာ လူတွေက သိပ်မနေကြတော့ဘူး။ အကုန်လုံးက ထွက်ပြေးတိမ်းရှောင်နေကြတာ ကြာပြီ။ နေအိမ်တွေကရှိတယ်။ ဒါပေမဲ့ သူတို့က ရွာတွေကိုကြဲတာမဟုတ်ဘူး။ တောင်တန်းတွေကိုပဲကြဲသွားတာလို့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့အပြင် ယနေ့နံနက် ၇ နာရီကျော်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကုတင် ၅၀၀ ဆေးရုံ၊ အ.ထ.က (၄) ကျောင်းနှင့် စည်ပင်ဆည်မြောင်းရုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ဆေးရုံကိုဗုံးကြဲတာတော့ ဂိုဒေါင်နည်းနည်းမီးလောင်သွားတယ်။ လူတွေကတော့ ဘာမှမဖြစ်ဘူး။ အ.ထ.က (၄) ကျောင်းရယ်၊ စည်ပင်ဆည်မြောင်းရုံးရယ်တော့ ထိခိုက်သွားတယ်။ စစ်ရှောင်တာတွေက နယ်ဘက်တွေကတော့ ရှောင်ကြတာတွေရှိတယ်။” ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်၊ နေ့လည် ၁၂ နာရီပိုင်းကလည်း ချင်းပြည် နယ်အစပ်၊ ပလက်ဝမြို့အတွင်းရှိ ဆေးရုံအနီးတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လက် နက်ကြီးကျရောက်ပေါက်ကွဲကာ အရပ်သားနှစ်ဦးသေဆုံးခဲ့ပြီး၊ ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်ကလည်း မြောက်ဦးမြို့နှင့် ကျောက်ဖြူမြို့နယ်မှ ငလုံးစုကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်နှင့် ကလေးငယ်အပါအဝင် သေဆုံးသူ ၅၀ နီးပါးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၈၀ နီးပါးရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် AA က မြောက်ဦးမြို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့က ထိန်းချုပ်ထားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် မြို့နယ် ၁၄ ခုကို AA က ထိန်းချုပ်ထားကြောင်း သိရသည်။
ဓာတ်ပုံ- MoC
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်