ရန်ကုန်၊ မေ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စနဲနှင့် ကျိန္တလီမြို့တို့တွင် ယခုရက်ပိုင်းအတွင်း လေကကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အလုံး ၆၀ ကျော်ပျက်စီးခဲ့ပြီး၊ ဒဏ်ရာရရှိသူအချို့လည်းရှိနေကြောင်း သိရသည်။
မေလ ၁၉ ရက်နှင့် ၂၁ ရက်က၊ ကျောက်ဖြူမြို့၊ စနဲနှင့် ကျိန္တလီတမြို့တို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အလုံး ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး၊ ဒဏ်ရာရရှိသူများလည်းရှိနေကြောင်း သိရသည်။
“နေအိမ်တွေမှာ လူတွေကမရှိသလောက်ပဲ။ ဗုံးကျဲချိန်တွေမရှိတော့ တော်သေးတာပေါ့။ နို့မိုဆို အကုန်ပါသွားနိုင်တယ်လို့ပြောရမယ်။ ကျောက်ဖြူနဲ့ စနဲပေါင်းရင် နေအိမ်မီးလောင်မှုကတော့ နီးစပ်ရာတွေကနေ သိရသလောက်တော့ ၅၀ ကျော်၊ ၆၀ ကျော်လောက်ရှိမယ်။ လူထိခိုက်မှုတွေကတော့မရှိပါဘူး။ တော်တော်များများကတော့ အိမ်တိုင်တွေပဲကျန်ခဲ့တာများတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကျောက်ဖြူမြို့နှင့် စနဲတွင် နေအိမ်များမီးလောင်ပျက်စီးခဲ့သွားသည့် စစ်ဘေးရှောင်များ စားနပ်ရိပ်က္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
“အိမ်တွေက မီးလောင်ပျက်စီးသွားကြတော့ ဘာတစ်ခုမှမကျန်လိုက်ဘူး။ အခုဆိုရင် မိုးတွင်းကာလဖြစ်တော့ သူတို့အတွက် အတော်ဒုက္ခရောက်နေကြပါတယ်။ အိမ်တစ်လုံးဖြစ်ဖို့ကမလွယ်။ ပျက်စီးသွားရင် ခဏလေး။ ပြန်ဆောက်ဖို့ကျတော့လည်း ငွေကြေးကထင်သလောက်မလွယ်ကူကြပါဘူး။ လက်တလောကတော့ အမိုးအကာတွေနဲ့ စားဖို့သောက်ဖို့တွေပါ။ သက်ကြီးရွယ်အိုတွေအတွက်လည်း မိုးတွင်းဆိုတော့ အတော်ခက်ခဲပါတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။
“မြို့ကြီး၊ မြို့ငယ်နေရာတွေကို ဗုံးတွေမကြာခဏကျပါတယ်။ ကျိန္တလီမှာဆို တစ်နေ့ထဲနဲ့ အကြိမ်းပေါင်းမနည်းဘူးလို့ပြောတယ်။ နေအိမ်ကတော့ ကျောက်ဖြူတို့လောက်မပျက်စီးပေမဲ့ ဒဏ်ရာရတဲ့သူတွေမှာ အသက်ကြီးတဲ့သူတွေလည်းပါတယ်တော့ သိရတယ်။” ဟု ကျိန္တလီမြို့နှင့်နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် မြောက်ဦးမြို့နှင့် ကျောက်ဖြူမြို့နယ်ရှိ ငလုံးစုကျေးရွာတို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နှင့် က လေးငယ်အပါအဝင် သေဆုံးသူ ၅၀ နီးပါးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၈၀ နီးပါးရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တိုက်ပွဲများကြောင့် ဒေသခံသောင်းကျော်ကာ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ရ ကြောင်း သိရသည်။
“စစ်ဘေးရှောင်တွေက အတိုးတွေပဲရှိတယ်။ အခုဆိုရင် ကျောက်ဖြူ၊ စနဲဆို သောင်းကျော်ပြီပေါ့။ ကလေးငယ်တွေရော အသက်ကြီးပိုင်းတွေရော ကျန်းမာရေးမကောင်းတဲ့သူတွေလည်းပါတယ်။ အရင်ကရှောင်တာတွေရော မပြန်နိုင်သေးတဲ့သူတွေလည်းရှိပါသေးတယ်။”ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ကျော်တော်၊ အမ်း၊ ဂွ၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ သံတွဲ စသည့်နေရာများတွင် အစိုးရတပ်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များလည်းရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် မြို့နယ် ၁၄ ခုကို AA က ထိန်းချုပ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတဝန်း မကြာခဏဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒဿမ ၅ သန်းခန့်ရှိကြောင်း OCHA Myanmar ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – #CJ ကျောက်ဖြူ၊ စနဲနှင့် ကျိန္တလီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များ
ယနေ့ခေတ်
ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အလုံး ၆၀ ကျော် မီးလောင်ပျက်စီး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်