ရုရှားက အီရန်အား ထောက်လှမ်းရေးသတင်းများ ပေးသည်ဆိုခြင်းနှင့်ပတ်သက်ပြီး အမေရိကန်က လျှော့ပေါ့ပြောဆို

ဝါရှင်တန်၊ မတ် ၇

အမေရိကန်-အစ္စရေးတို့၏ အီရန်စစ်ပွဲ အရှိန်အဟုန် မြင့်တက်လာနေချိန်တွင် ရုရှားက အရှေ့အလယ်ပိုင်းတစ်ဝှမ်းရှိ အမေရိကန်ပစ်မှတ်များနှင့်ပတ်သက်၍ အီရန်ကို ထောက်လှမ်းရေးသတင်းများ မျှဝေနေသည်ဟူသော The Washington Post မှ ပထမဆုံးဖော်ပြခဲ့သည့် သတင်းများကို ဝါရှင်တန်က လျှော့ပေါ့ပြောဆိုလိုက်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က သောကြာနေ့တွင်ပြုလုပ်သည့် CBS 60 Minutes နှင့် အင်တာဗျူးတွင် မော်စကိုက တီဟီရန်ကို အကူအညီပေးနေသည့် သတင်းများနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ အမေရိကန်သည် “အရာအားလုံးကို ခြေရာခံနေသည်” ဟု ပြောကြားခဲ့ပြီး တိုက်ပွဲအစီအစဉ်များတွင် ထည့်သွင်းစဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲစတင်ကတည်းက ရုရှားသည် စစ်သင်္ဘောများနှင့် လေယာဉ်များအပါအဝင် အမေရိကန်စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများ၏ တည်နေရာများကို အီရန်ထံပို့ ဆောင်ခဲ့ကြောင်း အမည်မဖော်လိုသော အရာရှိသုံးဦးက The Washington Post သို့ ပြောကြားခဲ့သည်။

“၎င်းသည် အတော်လေးပြည့်စုံသော ကြိုးပမ်းမှုတစ်ခုဟု ထင်ရသည်” ဟု သတင်းရင်းမြစ်တစ်ဦးက သတင်းစာသို့ ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အမည်မဖော်လိုသော အရာရှိများက The Associated Press သတင်းဌာနသို့ ပြောကြားရာတွင် အမေရိကန်နှင့် အစ္စရေးတို့သည် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး အီရန်သည် ပင်လယ်ကွေ့ရှိ အမေရိကန်ပိုင်နက်များနှင့် မဟာမိတ်များကို လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် ရုရှားသည် အီရန်အားပေးခဲ့သည့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ ဘာလုပ်ရမည်ကို အမေရိကန်ထောက်လှမ်းရေးက မဖော်ထုတ်နိုင်သေးကြောင်း Associated Press သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဟက်ဆက်က အမေရိကန်ပြည်ထောင်စုဟာ ဒီအစီရင်ခံစာတွေအပေါ် “ စိုးရိမ်ပူပန်မှုမရှိဘူး” ဟု ပြောကြားခဲ့ပြီး ရုရှားရဲ့အကူအညီက အမေရိကန်နိုင်ငံသားများကို အန္တရာယ်ဖြစ်စေနိုင်သည့် အလားအလာကိုလည်း လျှော့ပေါ့ပြောဆိုခဲ့သည်။

“ အမေရိကန်ပြည်သူတွေဟာ သူတို့ရဲ့စစ်ဦးစီးချုပ်က ဘယ်သူနဲ့စကားပြောနေလဲဆိုတာကို ကောင်းကောင်းသိတယ်ဆိုတာ စိတ်ချနိုင်ပါတယ်” ဟု ဟက်ဆက်က ပြောသည်။

“ ပြီးတော့ မဖြစ်သင့်တဲ့အရာမှန်သမျှ၊ အများပြည်သူရှေ့မှာဖြစ်စေ၊ နောက်ကွယ်ကနေဖြစ်စေ ပြင်းပြင်းထန်ထန်ရင်ဆိုင်နေကြပါတယ်” ဟု ဆိုသည်။

သူက ဆက်လက်ပြောကြားရာတွင် “ ကျွန်တော်တို့က တခြားလူတွေကို အန္တရာယ်ထဲရောက်အောင် လုပ်နေတာဖြစ်ပြီး အဲဒါက ကျွန်တော်တို့ရဲ့အလုပ်ပါ။ ဒါကြောင့် ကျွန်တော်တို့ အဲဒါကို စိုးရိမ်ပူပန်မှုမရှိပါဘူး။ ဒါပေမယ့် အခုအချိန်မှာ စိုးရိမ်ရမယ့်သူတွေက အသက်ရှင်မယ်လို့ထင်နေတဲ့ အီရန်လူမျိုးတွေပဲရှိပါတယ်။” ဟု ဆိုသည်။

“ အစီရင်ခံစာဟာ အီရန်မှာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာမှကွာခြားမှုမရှိပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မတို့က သူတို့ကိုလုံးဝဖျက်ဆီးနေလို့ပါ” ဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ကာရိုလိုင်း လီဗစ်က သောကြာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရမ့်သည် ထောက်လှမ်းရေးသတင်းများ မျှဝေခြင်းနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် စကားပြောဆိုခဲ့ခြင်းရှိ၊ မရှိ သို့မဟုတ် ရုရှားသည် နောက်ဆက်တွဲဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဟု ယုံကြည်ခဲ့ခြင်းရှိ၊ မရှိကို လီဗစ်ကငြင်းဆိုခဲ့ပြီး သမ္မတကိုယ်တိုင်ပြောဆိုမည်ဟု ဆိုသည်။

ထရမ့်သည် သောကြာနေ့ညနေပိုင်း အိမ်ဖြူတော်အစည်းအဝေးအပြီးတွင် ကျောင်းသားအားကစားသမားများကို ငွေပေးချေခြင်းဖြင့် ကောလိပ်အားကစားကို ပြန်လည်ချိန်ညှိခဲ့ပုံနှင့်ပတ်သက်သည့် မီဒီယာများ၏မေးခွန်းများကို ဖြေကြားရာတွင် သတင်းထောက်တစ်ဦးကို အစီရင်ခံစာကိစ္စကို ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ဆူပူကြိမ်းမောင်းခဲ့သည်။

“ကျွန်တော် ခင်ဗျားကိုအရမ်းလေးစားပါတယ်၊ ခင်ဗျားက ကျွန်တော့်အပေါ် အမြဲတမ်း ကောင်းကောင်းဆက်ဆံခဲ့ပါတယ်” ဟု အမေရိကန်သမ္မတက Fox News သတင်းထောက် Peter Doocy အား ပြောကြားခဲ့သည်။

“ဒီအချိန်မှာ မေးရမယ့်မေးခွန်းက ဘယ်လောက်မိုက်မဲတဲ့ မေးခွန်းလဲ။ ကျွန်တော်တို့ တခြားအကြောင်း ပြောနေကြတာပါ။” ဟု ပြောသည်။

ရုရှားသည် နိုင်ငံရေးပံ့ပိုးမှုထက်ကျော်လွန်ပြီး အီရန်အား စစ်ရေးအကူအညီပေးမည်လားဟု မေးမြန်းရာတွင် ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ စက်စ်ကော့ဖ်က တီဟီရန်မှ ထိုကဲ့သို့သော တောင်းဆိုမှုမရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့သည် အီရန်ဘက်၊ အီရန်ခေါင်းဆောင်ပိုင်း၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေပြီး ဤဆွေးနွေးမှုကို သေချာပေါက်ဆက်လက်လုပ်ဆောင်သွားမည်” ဟု သောကြာနေ့တွင် ၎င်းက ပြောကြားခဲ့သည်။

အီရန်စစ်ပွဲစတင်ကတည်းက မော်စကိုသည် တီဟီရန်အား စစ်ရေး သို့မဟုတ် ထောက်လှမ်းရေးအကူအညီများ ပေးအပ်ခဲ့ခြင်းရှိ၊ မရှိကို မေးမြန်းခဲ့ရာတွင် ၎င်းက မှတ်ချက်ပေးခြင်းကို ရှောင်ကြဉ်ခဲ့သည်။

ယူကရိန်းနှင့် လေးနှစ်ကြာစစ်ပွဲတွင် အသုံးပြုရန်အတွက် လိုအပ်သောဒုံးကျည်များနှင့် ဒရုန်းများကို ဝယ်ယူနေရသောကြောင့် ရုရှားသည် အီရန်နှင့်ဆက်ဆံရေးကို ခိုင်မာအောင် လုပ်ဆောင်ခဲ့သည်။ သို့သော် တီဟီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်နှင့် အရှေ့အလယ်ပိုင်းရှိ ကိုယ်စားလှယ်အဖွဲ့များကို ထောက်ခံမှုတို့ကြောင့် အနောက်နိုင်ငံများ၏ အထီးကျန်မှုကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသော်လည်း နှစ်နိုင်ငံသည် ခင်မင်ရင်းနှီးသောဆက်ဆံရေးကို ကြာရှည်စွာထိန်းသိမ်းထားသည်။

Ref: aljazeera.com
#ယနေ့ခေတ်

ရုရှားက အီရန်အား ထောက်လှမ်းရေးသတင်းများ ပေးသည်ဆိုခြင်းနှင့်ပတ်သက်ပြီး အမေရိကန်က လျှော့ပေါ့ပြောဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.