ရွေးကောက်ပွဲအတွက် ကြားဖြတ်အစိုးရဖွဲ့စည်းရန် ပြင်ဆင်နေ ဟုဆို

ရန်ကုန်၊ ဇွန် ၆

၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြားဖြတ်အစိုးရဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

လာမည့် ဇူလိုင်လ ၃၁ ရက်တွင် နစကသက်တမ်း ၆ လပြည့်မည်ဖြစ်၍ နစကအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ နိုင်ငံတော်အာဏာကို ပြန်လည်ပေးအပ်နိုင်ခြေရှိပြီး ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကာ/လုံက ကြားဖြတ်အစိုးရဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ ရွေးကောက်ပွဲအတွက်ကို ကာ/လုံကပဲ ကြားဖြတ်အစိုးရဖွဲ့မှာ။ ဩဂုတ်လမှာပေါ့။ သက်တမ်းက နောက်လဆိုပြည့်ပြီ။ နစကဥက္ကဌကလည်း ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကတိပေးထားပြီးပြီဆိုတော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လုပ်သွားမှာပါ” ဟု တပ်အရာရှိတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာတတိယပတ်နှင့် စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နစကဥက္ကဌက ပြောကြားထားသည်။

ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ကို တစ်စိတ်တစ်ပိုင်းထည့်သွင်းကျင်းပမည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာကာ မြန်မာ့တပ်မတော်က အာဏာရယူခဲ့သည်မှာ လာမည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၅ နှစ်ပြည့်မည်ဖြစ်သည်။

#စုစု

ဓာတ်ပုံ – ယနေ့ခေတ် (၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူတစ်ဦးမဲပေးနေစဉ်)

#ယနေ့ခေတ်

ရွေးကောက်ပွဲအတွက် ကြားဖြတ်အစိုးရဖွဲ့စည်းရန် ပြင်ဆင်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.