လေကြောင်းတိုက်ခိုက်မှု မကြာခဏဖြစ်ပေါ်နေသည့် သံတွဲမြို့ခံများ စားနပ်ရိက္ခာများလိုအပ်နေ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် လေကြောင်းတိုက်မှုများ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများ အလုပ်အကိုင်များရှားပါးကာ၊ နေ့စဉ်စားဝတ်နေရေးများ ခက်ခဲလာကြောင်း သိရသည်။

AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ သံတွင်မြို့တွင် ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု မကြာခဏဖြစ်ပွားခဲ့ခြင်းကြောင့် သံတွဲဒေသခံများ အလုပ်အကိုင်များရှားပါးပြီး၊ နေ့စဉ်စားဝတ်နေရေးပါ ခက်ခဲလာကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

“လေကြောင်းဆိုတာတော့ သိတဲ့အတိုင်းဘဲ ဘယ်ရှောင်ပြေးလို့မှမရဘူး။ ခက်တာက ပြည်သူတွေနေထိုင်တဲ့နေရာတွေကို အထိများနေတာ။ နေ့စဉ်စားသောက်ဖို့တွေ လှုပ်ရှားရုန်းကန်နေရတဲ့ အခြေအနေတွေမှာ ဘက်ပေါင်းစုံကို ကြောက်နေရတယ်။ လက်နက်ကြီးတွေကြား စားဝတ်နေရးအတွက် အရဲစွန့်လှုပ်ရှာနေကြရတာ ကြာလာတော့ ခက်ခဲလာတယ်။ အလုပ်တွေလည်း ထွက်မလုပ်ရဲကြတော့ဘူး။ နေ့စဉ်အလုပ်လုပ်မှ စားသောက်ရေး၊ ကျန်းမာရေးတွေအတွက် ဖြေရှင်းလို့ရမှာပေါ့နော်။ သံတွဲမြို့ပြင်မဟုတ်ပဲမြို့ထဲကိုပဲ ဟိုတလောက လေကြောင်းကနေ ခဏခဏချတာဆိုတော့ သေတာတွေလည်းများကြတယ်။” ဟု သံတွဲမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လေကြောင်းတိုက်ခိုက်မှု မကြာခဏဖြစ်ပေါ်နေသည့် သံတွဲမြို့တွင် ဒေသခံများ အလုပ်အကိုင်အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် ဆန်အိတ်အကူအညီများ လိုအပ်နေကြောင်း သိရ သည်။

“သံတွဲမှာကလည်း မိုးရာသီဆိုတော့လည်း စစ်ဘေးသင့်ပြည်သူတွေ အခြေအနေတွေက အဆင်မပြေကြတော့ဘူး။ အလုပ်တွေပါခက်နေတဲ့အတွက် ဆန်အိတ်တစ်အိတ်ကလည်း ကိုးသောင်းကျော်ရှိတယ်။ လိုနေတာတော့ ဆန်အိတ်တစ်ရာလောက် လိုအပ်နေပါတယ်။” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ပလက်ဝမြို့နှင့် ကျောက်ကြီးကျေးရွာတို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၂၀ နီးပါးရှိခဲ့ပြီး၊ ပြင်း ထန်ဒဏ်ရာရခဲ့သူ ၂၀ ကျော်ရှိကာ၊ နေအိမ်အလုံး ၅၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့သူတွေကတော့ အခုချိန်ထိ ဆေးကုနေရတုန်းပေါ့ ။ ကလေးတွေဆိုလည်း လက်နက်ကြီးတွေကြောင့် ဒဏ်ရာတွေကကြီးတယ်။ ခြေပြတ်တာတွေလည်းရှိတာပေါ့နော်။ အဲ့အပြင် နေစရာအိမ်တွေလည်း ပျက်စီးတာများတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လည် ၂ နာရီခန့်ကလည်း ပုဏ္ဏားကျွန်းမြို့၊ ယိုးငူကျေးရွာစျေးတန်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်အပါအဝင် ၁၇ ဦးသေ ဆုံးခဲ့ပြီး၊ ၂၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၁၉ ရက်နှင့် ၂၁ ရက်ကလည်း ကျောက်ဖြူမြို့၊ စနဲမနှင့် ကျိန္တလီမြို့တို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အလုံး ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး၊ ဒဏ် ရာရရှိသူများလည်းရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပေါ်နေသည့် သံတွဲ၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ မောင်တော၊ ကျောက်တော်မြို့ စသည့်နေရာများတွင်လည်း လူဦးရေသိန်းချီကာ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းမှစတင်ပြီး နလအတပ်နှင့် AA တို့ တကြော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် ပလက်ဝအပါ အဝင် မြို့နယ် ၁၅ ခုကို AA ကထိန်းချုပ်ထားသည်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဒေသခံ
ယနေ့ခေတ်

လေကြောင်းတိုက်ခိုက်မှု မကြာခဏဖြစ်ပေါ်နေသည့် သံတွဲမြို့ခံများ စားနပ်ရိက္ခာများလိုအပ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.