လော့စ်အိန်ဂျလိစ်တွင် ICE ဆန့်ကျင်ရေး ဆန္ဒပြပွဲများကိုချေမှုန်းရန် ဒေါ်နယ်ထရမ့်က အမျိုးသားစောင့်တပ်ကို ဖြန့်ကျက်ထား

လော့စ်အိန်ဂျလိစ်၊ ဇွန် ၈

လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စည်းကြပ်ရေးအေးဂျင့်များက ရွှေ့ပြောင်းနေထိုင်သူ အများအပြားအား ဖမ်းဆီးမှုများကို ဆန့်ကျင်သည့်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အမေရိကန်သမ္မတသည် အဆိုပါအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် အမျိုးသားစောင့်တပ် ၂,၀၀၀ ကို တပ်ဖြန့်ထားကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စည်းကြပ်ရေးအေးဂျင့်များက ရွှေ့ပြောင်းနေထိုင်သူအများအပြားအား ဖမ်းဆီးမှုများကိုဆန့်ကျင်သည့် ဆန္ဒပြမှုများနှင့် ရုန်းရင်းဆန်ခတ်မှုများကိုဖြိုခဲ့ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမျိုးသားစောင့်တပ်သား ၂၀၀၀ ချထားရန် အမိန့်ပေးခဲ့သည်။

ရွှေ့ပြောင်းနေထိုင်သူ အများအပြားကိုဖမ်းဆီးပြီးနောက် လော့စ်အိန်ဂျလိစ်မြို့၌ ဆန္ဒပြသူများနှင့် ဖက်ဒရယ်အေးဂျင့်များကြား ထိပ်တိုက်တွေ့ဆုံမှုများ ဆက်လက်ဖြစ်ပွားနေသည်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်တွင် ရွှေ့ပြောင်းနေထိုင်သူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးမှုကြောင့် ဒေါသထွက်နေသော လူအုပ်ကြီးကို ဖက်ဒရယ်အေးဂျင့်များက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့သည်။

လော့စ်အိန်ဂျလိစ်တွင် ယခုသီတင်းပတ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး(ICE) စစ်ဆင်ရေးများကြောင့် လူဆိုးဂိုဏ်းဝင်ငါးဦးအပါအဝင် နိုင်ငံခြားသား ၁၁၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အမိမြေလုံခြုံရေးဌာနက ပြောကြားသည်။

သောကြာနေ့တွင် မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင်လူဝင်မှုကြီးကြပ်ရေး အေးဂျင့်များသည် လော့စ်အိန်ဂျလိစ်၏ နေရာအနှံ့အပြားတွင် အရေးကြီးသောအလုပ်ခွင်များကို ဝင်ရောက်စီးနင်းမှုများပြုလုပ်ခဲ့ရာ ဒေါသထွက်နေသောလူအုပ်များနှင့် နာရီပေါင်းများစွာကြာအောင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

“ လူတိုင်း ငြိမ်းချမ်းစွာဆန္ဒပြပိုင်ခွင့်ရှိပါတယ်၊ ဒါပေမယ့် အကြမ်းဖက်မှုနဲ့ ဖျက်ဆီးမှုတွေကို လက်မခံနိုင်တာကို ရှင်းရှင်းလင်းလင်းရှိရပါမယ်။ တာဝန်ရှိတဲ့သူတွေကလည်း တာဝန်ခံရမှာပါ” ဟု လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကာရန် ဘက်စ်က X တွင် ပြောကြားခဲ့သည်။

FBI လက်ထောက်ညွှန်ကြားရေးမှူး Dan Bongino က သောကြာနေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ဖမ်းဆီးမှုအများအပြားပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ မင်း ပရမ်းပတာလုပ်ရပ်ကို ယူလာတယ်၊ ငါတို့ လက်ထိတ်တွေ ယူလာမယ်။ တရားဥပဒေစိုးမိုးမှုရှိလာလိမ့်မယ်” ဟု ၎င်းက X တွင်ပြောကြားခဲ့သည်။

လက်ထောက်အရာရှိ စတီဖင် မီလာက အိမ်ဖြူတော်သည် ဆန္ဒပြပွဲများကိုဆန့်ကျင်သည့် ခိုင်မာသောရပ်တည်ချက်ရှိနေပြီး ဆန္ဒပြသူများအား “ အမေရိကန်၏ဥပဒေများနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ပုန်ကန်မှု” ဟု စွပ်စွဲခဲ့သည်။

အမေရိကန်၏ ဒုတိယလူဦးရေအများဆုံးမြို့၌ ဖြစ်ပွားနေသည့် တရားမဲ့မှုကိုဖြေရှင်းရန် ထရမ့်သည် အမျိုးသားစောင့်တပ်များကို စေလွှတ်ထားကြောင်း စနေနေ့က အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး Pete Hegseth က လော့စ်အိန်ဂျလိစ်တွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ပင်တဂွန်စစ်ဌာနချုပ်ရှိ Camp Pendleton မှ မရိန်းတပ်သားများအား ခေါ်ယူရန်ပြင်ဆင်ထားကြောင်း သတိပေးခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က ရီပတ်ဘလီကန်သမ္မတ၏ ဆုံးဖြတ်ချက်ကို “ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခြင်း” ဟု ပြောကြားသည်။

Ref: Aljazeera

#ယနေ့ခေတ်

လော့စ်အိန်ဂျလိစ်တွင် ICE ဆန့်ကျင်ရေး ဆန္ဒပြပွဲများကိုချေမှုန်းရန် ဒေါ်နယ်ထရမ့်က အမျိုးသားစောင့်တပ်ကို ဖြန့်ကျက်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.