ရန်ကုန်၊ ဇူလိုင် ၃၁
ဇူလိုင် ၃၁ ရက်၊ နံနက် ၂ နာရီကျော်က ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ပြီး၊ မြေနိမ့်ပိုင်းရှိရပ်ကွက်များ မြစ်ရေဝင်ရောက်ကာ နေအိမ်းများရွှေ့ပြောင်းနေရပြီး၊ ပိတ်မိသူအချို့လည်းရှိနေကြောင်း သိရသည်။
ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် မြစ်ရေများဝင်ရောက်နေသည့် မြေ နိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနှင့် ညောင်ပင်ဝဲကျေးရွာ စသည့်ရပ်ကွက်များတွင် နေအိမ်များရွှေ့ပြောင်းနေရကြောင်း သိရသည်။
“လတ်တလောကတော့ တာကျိုးပြီးပေါက်တာ။ အခုသိရတဲ့သတင်းတွေက မြို့ထဲထိရေဝင်နေတယ်။ အနိမ့်ပိုင်းတွေဆို တော်တော်လေးရေဝင်သွားပြီ။ နေအိမ်တွေပြောင်းတာတွေလည်းရှိနေပါပြီ။ (၅)ရပ်ကွက်မှာဆို အသက်ကြီးပိုင်းနှစ်ယောက်နဲ့ ဗိုက်ကြီးသည်ရယ် ကလေးတွေရယ် ပိတ်နေတယ်လို့ သိရတယ်။ အခုတော့အဆင်ပြေသွားပြီလို့ သိရတယ်။” ဟု လေးမျက်နှာနေမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လေးမျက်နှာမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေပါက ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ စိုးရိမ်နိုင်ဖွယ်ရှိခြင်းကြောင့် ကူညီကယ်ဆယ်ရေးများလည်းရောက်ရှိနေကြောင်း သိရသည်။
“လောလောဆယ် ကယ်ဆေးရေးတွေတော့ရောက်နေပြီ။ မီးသတ်တပ်ဖွဲ့တွေလည်းရောက်နေပြီ။ ခုနကတော့ ဟင်္သတခရိုင်ကွန်ရက်ဆင်းသွားတယ်။ လိုအပ်ရင် ကျွန်တော်တို့အဖွဲ့တွေလည်းဆင်းရမှာပါ။ လောလောဆယ်က သူတို့ဇာတိက မြို့ခံတွေက ဇလွန်မြို့ပေါ်မှာရှိတယ်။ သူတို့ဆီကကြားရတဲ့သတင်းအရဆိုရင်တော့ မြစ်ကျိုးအင်းကနေ အလုံးလိုက်ရောက်သွားမဲ့အနေအထားတော့မရှိဘူး။ ဒါပေမဲ့ ဒီနေ့မိုးဆက်ရွာမယ်ဆိုရင်တော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။” ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကြောင့် စားသင်ကျောင်းများ ယာယီပိတ်ထားရကြောင်း သိရသည်။
ရေကြီးရေလျှဲမှုဖြစ်ပေါ်နေသည့် လေမျက်နှာမြို့တွင် ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အ စည်းများနှင့်ပူးပေါင်းကာ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံနှင့် MFSD
#ယနေ့ခေတ်
လေးမျက်နှာမြို့တွင် ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် နေအိမ်များ အရေးပေါ်ရွှေ့ပြောင်းနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်