ဘန်ကောက်၊ မေ ၂၉
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ တင်းမာသောပြောကြားချက်သည် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်နှင့်ပတ်သက်ပြီး အခြေ အတင်ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့မှောင်ခိုတင်သွင်းလာသည့် မူးယစ်ဆေးဝါးများ၏ အဓိကရင်းမြစ်သည် ‘ဝ’ဒေသဖြစ်ကြောင်း စွပ်စွဲချက်များသည် အခြေအမြစ်မရှိဟု ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ငြင်းဆိုလိုက်သည်။
သက်ဆင်၏ပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက “စွပ်စွဲချက်တစ်ခုသာဖြစ်ပါတယ်။ “သူတို့တောင်းဆိုချက်အတွက် သက်သေအထောက်အထားပြဖို့လိုတယ်။ ကျနော်တို့က မူးယစ်ဆေးဝါးကို တိုက်ဖျက်နေတယ်။ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းသိတယ်။ မူးယစ်ဆေးဝါးကို ဆက်တိုက် တိုက်ဖျက်နေတာ” ဟု ဧရာဝတီသတင်းဌာသို့ ပြောသည်။
‘ဝ’နယ်မြေမှ မူးယစ်ဆေးဝါးများ ရောက်ရှိလာသည်ဟု ထိုင်းနိုင်ငံ၏ အခိုင်အမာပြောဆိုမှုက ‘ဝ’သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု အဓိပ္ပာယ်မ ရောက်ကြောင်း ဦးညီရမ်းက ဆက်ပြောသည်။
“ကျွန်တော်တို့က နယ်စပ်ဒေသမှာနေထိုင်တာပါ။ ပြည်တွင်းကနေ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေက နယ်စပ်ကို မလွဲမသွေဖြတ်သန်းသွားမှာပါ” ဟု ၎င်းကဆိုသည်။
“ ဒါကို မူးယစ်ဂိုဏ်းတစ်ခုနဲ့ ရစ်ပတ်နေတဲ့ ပြည်နယ်တစ်ခုလို့ပဲ တွေးကြည့်ပါ” ဟု Narcotopia စာအုပ်ကိုရေးသားသူ ဘန်ကောက်အခြေစိုက် သတင်းထောက် ပက်ထရစ်ဝင်းက The Diplomat နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ရှင်းရှင်းလင်းလင်းပြောရရင် ‘ဝ’တပ်မှူးတွေက မူးယစ်ဓာတ်ခွဲခန်းတွေကို တိုက်ရိုက်ကြီးကြပ်တာ ရှားပါတယ်။ သူတို့က တရုတ်အဖွဲ့အစည်းတွေကို သူတို့ပိုင်နက်ထဲမှာ ဓာတ်ခွဲခန်းတွေဖွင့်ခွင့်ပေးပြီး ငှားရမ်းခယူကြတယ်။ ပြင်ပအဖွဲ့အစည်းတွေကလည်း နိုင်ငံတကာလူကုန်ကူးမှုတွေကို ကျူးလွန်ကြတယ်၊ အဲဒါက အမြတ်အစွန်းအကြီးဆုံး ပဲ။” ဟု ပက်ထရစ်ဝင်းက ဆက်လက်ပြောကြားသည်။
မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးတွင် အင်္ဂါနေ့ကပြုလုပ်သည့် ဧည့်ဟောပြောပွဲ၌ သက်ဆင်က UWSA နှင့်ပတ်သက်ပြီး ရန်သူတွေကို ထိုင်းက ကရုဏာမပြသင့်ဘူးဟု ပြောသည်။ မြန်မာစစ်အစိုးရအား တစ်လ သို့မဟုတ် နှစ်လအတွင်း အရေးယူဆောင်ရွက်ရန် ထိုင်းအစိုးရအားတိုက်တွန်းခဲ့ပြီး ၎င်းတို့ပျက်ကွက်ပါက ထိုင်းနိုင်ငံအနေဖြင့် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ရန်လိုအပ်ကြောင်း သတိပေးခဲ့သည်။
နောက်ပိုင်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု ဆက်လက်တည်ရှိနေပါက ရန်လိုမှုလုပ်ရပ်ဟုယူဆကြောင်း ၎င်းကဆိုသည်။
အစိုးရ၏ စဉ်ဆက်မပြတ် မူးယစ်ဆေးဝါးတိုက်ဖျက်မှုအတွက် အသုံးဝင်ပြီး လက်တွေ့ကျသည့် အချက်အလက်မှန်သမျှကို ကြိုဆိုကြောင်း ဝန်ကြီးချုပ် ပေတုံတန် ရှီနာတပ်ထရာ က ဖခင်ဖြစ်သူ၏ပြောကြားချက်ကို ကြာသပတေးနေ့တွင် တုံ့ပြန်ပြောကြားသည်။
“အသုံးဝင်ပြီး အရေးယူနိုင်တဲ့ အချက်အလက်မှန်သမျှကို ဒေသခံရွာသားတွေကနေလာတာလား ဒါမှမဟုတ် မူးယစ်ဆေးဝါးတွေ ဘယ်ကလာလဲ ဒါမှမဟုတ် ဘယ်ဒေသတွေမှာ ဒုက္ခရောက်နေတယ်ဆိုတာ ဖော်ထုတ်နိုင်တဲ့ ရပ်ရွာဒေသခံတွေဆီကပဲဖြစ်ဖြစ်ကြားနာဖို့ ပွင့်ပွင့်လင်းလင်းပြောထားပါတယ်” ဟု ၎င်းကဆိုသည်။
ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် လူတိုင်းပါဝင်ကူညီနိုင်ကြောင်းပြသသည့် အဆိုပါအကြံပြုချက်များအပေါ်အခြေခံ၍ မူးယစ်ဆေးဝါးများ ကြီးကြီးမားမားသိမ်းဆည်းရမိခဲ့သည်များလည်းရှိကြောင်း ဝန်ကြီးချုပ် ပေတုံတန်က ပြောသည်။
Ref: Bangkok Post
#ယနေ့ခေတ်
သက်ဆင်၏ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စွပ်စွဲချက်များကို ‘ဝ’စစ်တပ်ပယ်ချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်