သတင်းအေဂျင်စီသုံးခုကို ပိတ်သိမ်းကြောင်း ပြန့်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၄

ပြည်တွင်းရှိ သတင်းအေဂျင်စီသုံးခု၏ လုပ်ငန်းလိုင်စင်ကို ပြန်ကြားရေးဝန်ကြီး ဌာနမှ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည်တွင်းသတင်းဌာနများဖြစ်သည့် ဆလိုင်းရန်လင်းမာန် ပိုင်ဆိုင်သည့် Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်းထန်းစန်းငါ ပိုင်ဆိုင်သည့် KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင် ပိုင်ဆိုင်သည့် မျက်မှောက်ခေတ် (Nowadays News) သတင်းအေဂျင်စီသုံးခုသည် ဥပဒေပါစည်းကမ်းချက်များကို လိုက်နာခြင်းမရှိ၍ နိုင် ငံတော်လုံ ခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးကို ထိခိုက်စေသည့် အကြောင်းအရာများ ရေးသားထုတ်လွှင့်ဖော်ပြခဲ့ခြင်းကြောင့် ပိတ်သိမ်းခြင်းဖြစ်ကြောင်း ယနေ့ ဧပြီလ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းအေဂျင်စီလုပ်ငန်းသုံးခုကို ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်းထားကြောင်းကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ကြေညာထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး ဥပဒေချိုးဖောက်မှုတွေ့ရှိပါက လုပ်ငန်းအ သိအမှတ်ပြုလက်မှတ်များကို ပြန်လည်ရုပ်သိမ်းခြင်း (သို့မဟုတ်) ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုလုပ်နိုင်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်များနှင့် မကိုက်ညီသည့် အကြောင်းအရာများကို ထုတ်ဝေခဲ့သည်ဟု ခိုင်လုံသောအ ထောက်အထားများဖြင့် သတင်းပေးပို့လာမှုများကို လက်ခံရရှိပါက (သို့မဟုတ်) ကိုယ်တိုင်သိရှိပါက စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – လူမှုကွန်ရက်
ယနေ့ခေတ်

သတင်းအေဂျင်စီသုံးခုကို ပိတ်သိမ်းကြောင်း ပြန့်ကြားရေးဝန်ကြီးဌာန ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.