သံတွဲမြို့တွင် လေကြောင်းတိုက်ခံရမှုကြောင့် နှစ်ဦးဒဏ်ရာရ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ သံတွင်မြို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၈ ရက်၊ နေ့လည် ၁ နာရီခန့်က သံတွဲမြို့(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ လူနေအိမ်ငါးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“သံတွဲမှာ တခြားကနေလာတဲ့ စစ်ရှောင်တွေလည်းရှိကြတယ်။ လေကြောင်းက နေလာတဲ့အခါ ရှောင်တိမ်းဖို့ခက်ပါတယ်။ ဒီနေ့ဆိုလည်း လေကြောင်းကနေပဲဆိုပေမဲ့ လူထိခိုက်မှုကတော့နည်းတယ်။ နေအိမ်တွေတော်တော်များများတော့ ပျက်စီးသွားတယ်။ အမျိုးသားနှစ်ဦးလို့တော့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်၊ ည ၈ နာရီခန့်ကလည်း သံတွဲမြို့နယ်၊ လင်းသာရပ်ကွက်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံသုံးဦး နေရာတွင်သေဆုံးခဲ့ပြီး၊ ၁၂ ဦး ဒဏ် ရာရရှိကာ၊ နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်၊ ည ၁၀ နာရီဝန်းကျင်ကလည်း သံတွဲမြို့(၁)ရပ်ကွက်၊ မာဃလမ်းထိပ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အင်္ဂလိပ်ခေတ်က တည် ဆောက်ခဲ့သည့် ပျဉ်အိမ်ဟောင်းကြီးအပါအဝင် နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်ပဋိပက္ခများအတွင်း တိုက်ပွဲများဖြစ်ပေါ်နေသည့် သံတွဲ၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ကျောက်တော်မြို့ စသည့်နေရာများတွင်လည်း လူဦးရေသိန်းချီကာ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းမှစတင်ပြီး နလအတပ်နှင့် AA တို့ တကြော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရခိုင်ပြည်တွင်မြို့နယ် ၁၇ ခုရှိသည့်အနက် ပလက်ဝအပါအ ဝင် မြို့နယ် ၁၅ ခုကို AA က ထိန်းချုပ်ထားသည်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
#ယနေ့ခေတ်

သံတွဲမြို့တွင် လေကြောင်းတိုက်ခံရမှုကြောင့် နှစ်ဦးဒဏ်ရာရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.