အခွန်မဆောင်သည့် အေဂျင်စီများကို Black list သွင်းမည် ဟုဆို

ရန်ကုန်၊ မေ ၁၉

ပြည်ပသို့အလုပ်သမားစေလွှတ်ပြီး အခွန်ဆောင်ခြင်းမရှိသည့် အေဂျင်စီများကို Black list သွင်းမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက မေ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၈ ခုကို ယခုမေလ ၃၁ ရက်မတိုင်မီ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများ၌ အခွန် စည်းကြပ်မှုခံယူပြီး အချိန်မီတင်ပြကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါအေဂျင်စီများအနေဖြင့် သတ်မှတ်ရက်အတွင်း ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“တချို့ကတော့ အလုပ်သမားမလွှတ်နိုင်လို့ မဆောင်နိုင်ကြဘူး။ တချို့အေဂျင်စီတွေကကျတော့ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းမပြည့်လို့ ရပ်ဆိုင်းခံရတာတွေရှိတယ်။ ဒါတွေကျတော့ အခွန်မဆောင်နိုင်ဘူး။ အေဂျင်စီတွေက လည်း အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်။ ပြီးတော့ မူဝါဒက ခဏခဏပြောင်းနေတာ” ဟု လိုင်စင်ရအေဂျင်စီတစ်ခုက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့အလုပ်သမားစေလွှတ်ထားသည့် အေဂျင်စီများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးထားကာ အခွန်စည်းကြပ်မှုခံယူပြီး ပြန် လည်တင်ပြကြရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က သက်ဆိုင်ရာအေဂျင်စီများထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အကြောင်းကြားထားသော်လည်း အချို့အေဂျင်စီများက ပေးဆောင်ခြင်းမရှိသည့်အတွက် အခွန်စည်း ကြပ်မှုခံယူရန် မေလ ၉ ရက်နေ့က ထပ်မံသတိပေးထားကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – Myanmar Embassy Seoul

#ယနေ့ခေတ်

အခွန်မဆောင်သည့် အေဂျင်စီများကို Black list သွင်းမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.