အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီဟု သမ္မတထရမ့်ပြောကြား၊ မဖောက်ဖျက်ရန် တိုက်တွန်း

ဝါရှင်တန်၊ ဇွန် ၂၄

အစ္စရေးနှင့် အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီဟု ဇွန်လ ၂၄ ရက် (ယနေ့)တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မချိုးဖောက်ရန် နှစ်ဖက်စလုံးကိုတိုက်တွန်းလိုက်သည်။

နာရီပိုင်းအကြာတွင် အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်လိုက်ပြီးနောက် လူလေးဦးသေဆုံးခဲ့သည်ဟု အစ္စရေးလူနာတင်ယာဉ်ဝန်ဆောင်မှုက ပြောကြားသည်။

“အခု အပစ်အခတ်ရပ်စဲရေးက သက်ရောက်မှုရှိနေပါပြီ။ ကျေးဇူးပြုပြီး မချိုးဖောက်ပါနဲ့” ဟု ထရမ့်ကသူ၏ Truth  လူမှုကွန်ရက်တွင် ရေးသားသည်။

၁၂ ရက်ကြာ တိုက်ခိုက်မှုများအတွက် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမှုရခဲ့ပြီဟု ထရမ့်က တနင်္လာနေ့နှောင်းပိုင်းတွင် ကြေညာခဲ့သည်။ အစ္စရေးနှင့် အီရန်တို့လုပ်ဆောင်နေသော မစ်ရှင်များကို အပြီးသတ်ရန်အချိန်တန်ပြီဟု အကြံပြုထားပြီး၊ ယခုအချိန်တွင် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တစ်ခု စတင်မည်ဖြစ်သည်ဟု ဆိုသည်။

ထရမ့်၏ထုတ်ပြန်ချက်မတိုင်မီ အစ္စရေးတောင်ပိုင်းရှိ တဲလ်အဗစ်နှင့် ဘီယာရှီးဘားအနီးတွင် ပေါက်ကွဲမှုများကြားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

တနင်္လာနေ့နှောင်းပိုင်းတွင် အပစ်အခတ်ရပ်စဲကြောင်း ထရမ့်ကကြေညာပြီးနောက်ပိုင်း အီရန်မှ ဒုံးကျည်ခြောက်စင်းပစ်လွှတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။ ဘေရာရှီဘာတွင် လူလေးဦးသေဆုံးခဲ့ကြောင်း အစ္စရေးအမျိုးသားလူနာတင်ယာဉ်ဝန်ဆောင်မှုက ဆိုသည်။

အပစ်အခတ်ရပ်စဲရေးအသက်မဝင်မီ တီဟီရန်သည် ၎င်း၏နောက်ဆုံးဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း အီရန်၏အစိုးရတစ်ပိုင်း SNN သတင်းဌာနက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့်တွေ့ဆုံရာတွင် အီရန်က နောက်ထပ်တိုက်ခိုက်မှုများ မပြုလုပ်သရွေ့ အစ္စရေးက အပစ်အခတ်ရပ်စဲရေး သဘောတူညီကြောင်း အိမ်ဖြူတော်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“အရာရာတိုင်းဟာ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ဆောင်နေတယ်လို့ ယူဆတဲ့အတွက် ‘THE 12 DAY WAR’ လို့ ခေါ်သင့်တဲ့အရာကို အဆုံးသတ်နိုင်ခဲ့တဲ့ အစ္စရေးနဲ့ အီရန်နှစ်နိုင်ငံစလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်” ဟု ထရမ့်က ၎င်း၏ Truth လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

တီဟီရန်သည် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း အီရန်အရာရှိတစ်ဦးက အစောပိုင်းတွင် အတည်ပြုခဲ့သော်လည်း အစ္စရေး၏တိုက်ခိုက်မှုများ မရပ်တန့်ပါက ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အင်္ဂါနေ့နံနက် ၄ နာရီ (စင်္ကာပူစံတော်ချိန် မနက် ၄ နာရီ) ထက်နောက်မကျဘဲ အစ္စရေးက အီရန်ပြည်သူများအပေါ် တရားမဝင်ရန်စမှုများကို ရပ်တန့်ပေးမည်ဆိုပါက အီရန်အနေဖြင့် တုံ့ပြန်ရန်ရည်ရွယ်ချက်မရှိကြောင်း အင်္ဂါနေ့အစောပိုင်းတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့၏စစ်ဆင်ရေးများ ရပ်ဆိုင်းခြင်းဆိုင်ရာ နောက်ဆုံးဆုံးဖြတ်ချက်ကို နောက်ပိုင်းတွင်ပြုလုပ်မည်” ဟု Araqchi က X လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်၏မဟာမိတ်အစ္စရေးက အီရန်သည် နျူလက်နက်ရရှိရန်နီးစပ်နေပြီဟု စွပ်စွဲပြီး သီတင်းပတ်ကုန်တွင် အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခဲ့သည်။

အီရန်သည် နျူကလီးယားလက်နက်အတွက် အစီအစဉ်မရှိကြောင်း ငြင်းဆိုသော်လည်း ထိပ်သီးခေါင်းဆောင် အလီ ခါမေနီလိုလားပါက ကမ္ဘာ့ခေါင်းဆောင်များက ကျွန်ုပ်တို့ကိုတားဆီးနိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်တွင်ပါဝင်သည့် အစ္စရေးသည် အရှေ့အလယ်ပိုင်းတွင် နျူလက်နက်ပိုင်ဆိုင်သည်ဟု ယုံကြည်ရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ အစ္စရေးကငြင်းဆိုခြင်း သို့မဟုတ် အတည်ပြုခြင်းမရှိပါ။

ကာတာဝန်ကြီးချုပ် ရှတ်မိုဟာမက် ဘင်အဘဒူရာမန် အယ်လ်သနီသည် အီရန်အရာရှိများနှင့်တွေ့ဆုံစဉ် တီဟီရန်၏သဘောတူညီချက်ကိုရယူနိုင်ခဲ့ကြောင်း စေ့စပ်ညှိနှိုင်းမှုဆိုင် ရာ အရာရှိတစ်ဦးက အင်္ဂါနေ့တွင် Reuters သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနှင့် အမေရိကန်အထူးသံတမန် စတိဗ် ဝတ်ကော်ဖ်တို့သည် အီရန်နိုင်ငံသားများနှင့် တိုက်ရိုက်ရော သွယ်ဝိုက်ပါ အဆက်အသွယ်ရှိနေကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားသည်။

Reuters မှ သီးခြားမှတ်ချက်ပေးရန် တောင်းဆိုချက်များကို အီရန်၏ ကုလသမဂ္ဂမစ်ရှင်နှင့် ဝါရှင်တန်ရှိ အစ္စရေးသံရုံးတို့က တုံ့ပြန်ခြင်းမရှိပေ။

အစောပိုင်းအချိန်က အစ္စရေးအရာရှိ ၃ ဦးက အီရန်တွင် ၎င်းတို့၏စစ်ဆင်ရေးကို မကြာမီအပြီးသတ်ရန် အစ္စရေးကလုပ်ဆောင်နေပြီး အမေရိကန်ထံ သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြောင်း ထရမ့်ကပြောကြားပြီးနောက် အင်္ဂါနေ့အစောပိုင်း အာရှကုန်သွယ်ရေးဈေးကွက်တွင် အမေရိကန်ရေနံစိမ်းသည် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။

Ref: CNA

#ယနေ့ခေတ်

အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီဟု သမ္မတထရမ့်ပြောကြား၊ မဖောက်ဖျက်ရန် တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.