ကိုပင်ဟေဂင်၊ မေ ၁၂
ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေနှင့်ပတ်သက်၍ ဒိန်းမတ်၊ ဂရင်းလန်းနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ဆွေးနွေးမှုများသည် တိုးတက်မှုရှိနေသော်လည်း သဘောတူညီချက်တစ်ခု မရသေးကြောင်း ဂရင်းလန်းဝန်ကြီးချုပ်က မေလ ၁၂ ရက်၊ အင်္ဂါနေ့တွင် ပြောကြားသည်။
သတ္တုကြွယ်ဝသော အာတိတ်ကျွန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လိုချင်တပ်မက်နေသည်။
“ ကျွန်တော်တို့ ညှိနှိုင်းနေပေမယ့် သဘောတူညီချက် မရှိသေးပါဘူး” ဟု ဝန် ကြီးချုပ် ဂျန်းစ်-ဖရက်ဒရစ် နီယယ်ဆန်က ကိုပင်ဟေဂင် ဒီမိုကရေစီထိပ်သီးအစည်းအဝေးတွင် ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲသည်။
“ လုပ်ငန်းအဖွဲ့မှာ ဆွေးနွေးမှုတွေအကြောင်း ကျွန်တော် တိကျစွာပြောဖို့ ခက်ခဲပေမယ့် မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ခြေလှမ်းတချို့လှမ်းပြီးပါပြီ” ဟု ၎င်းက ပြောကြားသည်။
မြောက်ပိုင်း ဂရင်းလန်းတွင် Pituffik စစ်စခန်းရှိပြီးဖြစ်သော အမေရိကန်ပြည်ထောင်စုသည် နယ်မြေ၏တောင်ဘက်တွင် စခန်းအသစ်သုံးခုဖွင့်လှစ်လိုကြောင်း မီဒီယာသတင်းများအရ သိရသည်။
၁၉၅၁ ခုနှစ် ကာကွယ်ရေးသဘောတူညီချက်ကို ၂၀၀၄ ခုနှစ်တွင် နောက်ဆုံးမွန်းမံချက်အရ ဒိန်းမတ်နှင့် ဂရင်းလန်းကို ကြိုတင်အကြောင်းကြားပါက ဝါရှင်တန်အား ကျွန်းပေါ်တွင် တပ်များချထားမှုနှင့် စစ်ဘက်ဆိုင်ရာတပ်ဆင်မှုများကို တိုးမြှင့်ခွင့်ပြုထားပြီးဖြစ်သည်။
ဇန်နဝါရီလတွင် ထရမ့်သည် ဂရင်းလန်းကို သိမ်းပိုက်ရန် ၎င်း၏ ထပ်ခါတလဲလဲ ခြိမ်းခြောက်မှုများကို နောက်ဆုတ်ခဲ့ပြီး ကိုပင်ဟေဂင်နှင့် နူခ်တို့သည် ဝါရှင်တန်တွင် ပထမဆုံးတွေ့ဆုံမှု ပြုလုပ်ခဲ့သည်။
ထို့နောက် အမေရိကန်၏ရပ်တည်ချက်ကို ဆွေးနွေးရန် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
အမေရိကန်သည် အမျိုးသားလုံခြုံရေးအကြောင်းပြချက်များကြောင့် ဂရင်းလန်းကို ထိန်းချုပ်ရန်လိုအပ်ကြောင်း ထရမ့်က အကြိမ်ကြိမ်ငြင်းခုံခဲ့ပြီး ကျယ်ပြန့်သော အာတိတ်ကျွန်းကို မထိန်းချုပ်ပါက တရုတ် သို့မဟုတ် ရုရှားကလုပ်ဆောင်မည်ဟု သတိပေးခဲ့သည်။
“ကျွန်တော်တို့က အစကတည်းက အသင့်ရှိနေပြီး အမျိုးသား သို့မဟုတ် နိုင်ငံတကာလုံခြုံရေးအရ ပိုမိုလုပ်ဆောင်ရန်၊ ပိုမိုတာဝန်ယူရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်” ဟု နီယယ်လ်ဆန်က အင်္ဂါနေ့တွင် ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ တစ်ခုတည်းသောတောင်းဆိုချက်က လေးစားမှုပါပဲ။” ဟု ဆိုသည်။
ဆွေးနွေးပွဲများကို အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိ မိုက်ကယ် နီဒမ်၊ အမေရိကန်ဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး ဂျက်စပါမိုလာ ဆိုရန်ဆန်နှင့် ဂရင်းလန်းသံတမန် ဂျက်ကော့ဘ် အစ်ဘိုဆက်ဆန်တို့က ဦးဆောင်နေကြောင်း BBC ၏အဆိုအရ သိရသည်။
လုပ်ငန်းအဖွဲ့သည် ဇန်နဝါရီလမှစ၍ အစည်းအဝေးငါးကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဒိန်းမတ်နိုင်ငံတွင် မတ်လ ၂၄ ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် လက်ဝဲ သို့မဟုတ် လက်ယာအုပ်စုကို အများစုမပေးနိုင်ခဲ့သောကြောင့် အစိုးရမရှိဘဲ ဖြစ်နေခဲ့သည်။
Ref: channelnewsasia.com
ယနေ့ခေတ်
အမေရိကန်နှင့် ဆွေးနွေးမှုများတွင် တိုးတက်မှုရှိသော်လည်း သဘောတူညီချက်မရသေးဟု ဂရင်းလန်း ဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်