ဘန်ကောက်၊ စက်တင်ဘာ ၁၁
အယုဒ္ဓယမြို့ရှိ ဝပ်ဖုထိုင်းစဝန်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဟောင်း၏ ကျောင်းဆောင်ကို ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ ကာလတန်ဖိုး ဘတ်ငွေ သန်း ၁၀၀ ကျော်တန်ဖိုးရှိ ငွေသားနှင့် ရွှေတုံးများကို တွေ့ရှိခဲ့ကြကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၁၀ ရက်၊ ကြာသပတေးနေ့ ညနေပိုင်းအထိ ရေတွက်စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှာဖွေတွေ့ရှိမှုမှာ ကျောင်းတိုက်ရန်ပုံငွေ ဘတ် ၉၂ သန်းကျော်ကို ရုံးသုံးအဖြစ်ဖြင့် အလွဲသုံးစားပြုလုပ်ခဲ့ပြီး ၎င်း၏အဖော် အမျိုးသမီးထံသို့ ငွေကြေးလွှဲပြောင်းပေးခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် အသက် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော်ဟောင်း ယခင်ဘွဲ့အမည် ဖရာ့ဝိချိရာယန်ဝီ သို့မဟုတ် လန်းဖိုးအတိချောတ် ဓမ္မဝါရိုကို ယမန်နေ့နံနက်ပိုင်းက ဖမ်းဆီးခဲ့ပြီးနောက် ငွေသားနှင့် ရွှေတုံးများတွေ့ရှိလာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်း၏ကျောင်းဆောင်အတွင်း၌ လိင်ပိုင်းဆိုင်ရာကျူးလွန်နေသည်ကို ပြသနေသည့် ဗီဒီယိုမှတ်တမ်းများကိုလည်း ရဲတပ်ဖွဲ့ကရရှိထားကြောင်း သိရသည်။
ရဲအရာရှိများသည် ၎င်းအား ထိုညနှောင်းပိုင်းတွင် စစ်ဆေးမေးမြန်းမှုများ ထပ်မံပြုလုပ်ရန် Crime Suppression Division (CSD) ရုံးချုပ်သို့ ခေါ်ဆောင်သွားခဲ့ပြီး၊ စက်တင်ဘာလ ၁၁ ရက်၊ သောကြာနေ့နံနက်တွင် တရားရုံးအမိန့်ဖြင့် ဆက်လက်ထိန်းသိမ်းထားရန် လျှောက်ထားသွားမည်ဖြစ်သည်။

ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ရဲတပ်ဖွဲ့သည် ဘုန်းတော်ကြီးကျောင်း၏ ငွေကြေးတာဝန်ခံ ချက်သာ နင်စုခွန်ကို CSD ရုံးချုပ်သို့ ခေါ်ဆောင်လာခဲ့သည်။ ၎င်းသည် အ ဆောက်အအုံ၏ ရှေ့ဘက်ဝင်ပေါက်တွင် စောင့်ဆိုင်းနေသော သတင်းထောက်များကို ရှောင်ရှားကာ အဆောက်အအုံ၏ နောက်ဘက်ရှိ ဓာတ်လှေကားမှတဆင့် ဝင်ရောက်ခဲ့သည်။
လေးနာရီကျော်ကြာ စစ်ဆေးမေးမြန်းခံရပြီးနောက် ရဲအရာရှိများက ချက်သာကို ည ၇ နာရီ ၄၀ မိနစ်တွင် စစ်ဆေးရေးအခန်းမှ ကားတစ်စီးဆီသို့ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ၎င်း သည် ချက်ချင်းပင်ထွက်ခွာသွားခဲ့သည်။ ၎င်းနှင့်အတူလိုက်ပါလာသော ရဲအရာရှိတစ်ဦးက လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးသူများအနေဖြင့် ၎င်းတို့၏လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်စေရန်အတွက် သောကြာနေ့တွင်ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ၌ အသေးစိတ်အချက်အလက်များကို စောင့်ဆိုင်းပေးကြရန် သတင်းထောက်များအား မေတ္တာရပ်ခံခဲ့သည်။
နံနက်ပိုင်းကတည်းက စတင်လုပ်ဆောင်ခဲ့သော ဘုန်းတော်ကြီးဟောင်း၏ နေထိုင်ရာနေရာကို ဆက်လက်ရှာဖွေစစ်ဆေးရာ ည ၁၀ နာရီအချိန်တွင် လျှို့ဝှက်သိမ်းဆည်းထားသော ငွေသားနှင့် ရွှေတုံးအများအပြားကို တွေ့ရှိခဲ့သည်။ ၎င်းတို့၏ ခန့်မှန်းတန်ဖိုးမှာ ဘတ်ငွေ သန်း ၁၀၀ ကျော်ရှိသော်လည်း ရေတွက်ခြင်းလုပ်ငန်းမှာ ပြီးစီးခြင်းမရှိသေးပေ။
လန်ဖိုချောတ်ဟုလည်း လူသိများသော အဆိုပါဘုန်းတော်ကြီးဟောင်းကို အဂတိလိုက်စားမှု ဆုံးရှုံးမှုပမာဏများပြားလှသဖြင့် ၎င်းအနေဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်း၊ သက်သေခံအထောက်အထားများကို ဖျက်ဆီးနှောင့်ယှက်ခြင်းများ ပြုလုပ်လာနိုင်သည်ဟူသော စိုးရိမ်ချက်များကြောင့် ရဲတပ်ဖွဲ့အနေဖြင့် သောကြာနေ့တွင် ၎င်းကို ဆက်လက်ထိန်းသိမ်းထားရန် ရမန်တောင်းဆိုပြီး အာမခံပေးခြင်းကို ကန့်ကွက်ဖွယ်ရှိသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ကပြုလုပ်ခဲ့သော သီးသန့်ရှာဖွေမှုတစ်ခုတွင် ရာဇဝတ်မှုနှိမ်နင်းရေးဌာန (CSD) တပ်ဖွဲ့ဝင်များသည် ပထုံဌာနီခရိုင်၊ ခလောင်လွမ်ခရိုင်၊ ခလောင်စီရပ်ကွက်၊ မူ (၁)၊ အမှတ် ၈၈/၁၅ တွင် နေထိုင်သည့် အသက် ၄၇ နှစ်အရွယ် ပညာဝီ “အေ” ရုန်ရူအန်၏အိမ်ကို ရှာဖွေစစ်ဆေးခဲ့သည်။
၎င်းသည် ငွေကြေးခဝါချမှုနှင့် ရန်ပုံငွေအလွဲသုံးစားလုပ်မှုတို့နှင့် ပတ်သက်သည့် စွဲချက်များအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတရားရုံး၏ ဖမ်းဝမ်းဖြင့် ရှာဖွေခံနေရသူဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များသည် ရွှေချိန် ဘတ် ၉၀ ရှိ ရွှေဘုရားဆင်းတုတော်/အဆောင်အယောင် ၃၅ ခု၊ ရွှေတုံးများနှင့် လက်ဝတ်ရတနာများ (တန်ဖိုးငွေ ဘတ် ၆,၀၃၇,၄၇၀ ရှိ) နှင့် ငွေသား ဘတ် ၃,၅၉၂,၃၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ၎င်းတို့သည် လက်ကိုင်ဖုန်း ၃ လုံး၊ အိုင်ပက် (iPad) တစ်လုံး၊ မြေယာနှင့် ငွေစာရင်းဆိုင်ရာ စာရွက်စာတမ်း ၁၀ ခု၊ မြေယာပိုင်ဆိုင်ခွင့်စာချုပ် (ဂရံ) ၂ ခု၊ ဘဏ်စာအုပ် ၇ အုပ်နှင့် မြေယာအရောင်းအဝယ်စာချုပ် တစ်စောင်တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရွက်စာတမ်း ၁၈ ခု၊ ကျန်းမာရေးအာမခံပေါ်လစီ တစ်စောင်၊ ရွှေအာမခံလက်မှတ် ခြောက်စောင်၊ ရွှေဝယ်ယူရောင်းချသည့်ပြေစာ ခုနစ်စောင်နှင့် အစိုးရစုဆောင်းငွေဘဏ်၏ (GSB) ငွေစုထီ လက်မှတ် လေးစောင်တို့ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ရဲတပ်ဖွဲ့သည် တူညီသော ရပ်ကွက်အတွင်းရှိ အ မှတ် ၈၈/၁၇၊ မူ (၁) တွင်တည်ရှိသည့် ဒုတိယမြောက်နေ ရာကို ဝင်ရောက်ရှာဖွေခဲ့သော်လည်း သိမ်းဆည်းစရာ ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။
Ref: nationthailand.com
ယနေ့ခေတ်
အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်