အိုက်စလန်နိုင်ငံ ဥရောပသမဂ္ဂဝင်ရောက်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်မည့် အစီအစဉ်ကို လူထုဆန္ဒခံယူပွဲ၌ ပယ်ချလိုက်သည်

ရက်ဂျာဗစ်၊ ဩဂုတ် ၃၀

အိုက်စလန်နိုင်ငံပြည်သူများသည် ဥရောပသမဂ္ဂ (EU) နှင့် အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးပွဲများပြုလုပ်ရန် အစိုးရ၏အဆိုပြုချက်ကို ပယ်ချလိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန RUV ကထုတ်ပြန်ခဲ့ပြီး၊ ရေတွက်ရန် မဲအနည်းငယ်သာ ကျန်ရှိတော့သည်။

တနင်္ဂနွေနေ့က အွန်လိုင်းမဲရေတွက်မှု ရလဒ်များအရ အိုက်စလန်၏ မဲဆန္ဒနယ် ၆ ခုအနက် ၁ ခုတွင်သာ မဲရေတွက်ရန် မဲလက်မှတ်အနည်းငယ် ကျန်ရှိတော့သည့်အခြေအနေတွင် ကန့်ကွက်သည့် “No” ဘက်က ၅၂.၅ ရာခိုင်နှုန်းနှင့် ထောက်ခံသည့် “Yes” ဘက်က ၄၇. ၅ ရာခိုင်နှုန်း ရရှိထားသည်။

“အိုက်စလန်နိုင်ငံသားများသည် ဥရောပသမဂ္ဂ (EU) နှင့် အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးပွဲများကို ပယ်ချလိုက်ပြီဖြစ်သည်” ဟု RUV ရုပ်သံလွှင့်ဌာနက ဖော်ပြခဲ့သည်။

အစိုးရက ယခုအဖွဲ့ဝင်ဖြစ်ရေးအစီအစဉ်ကို “ယခုမှမလုပ်လျှင် ဘယ်တော့မှ အခွင့်အရေးရတော့မည်မဟုတ်” သည့် အခြေအနေတစ်ခုအဖြစ် ပုံဖော်ခဲ့ပြီး၊ ဝန်ကြီးချုပ် ခရစ္စထရွန်း ဖရော့စ်တာဒေါ့တီးယားကလည်း ကန့်ကွက်မဲ “No” ရလဒ်ထွက်လာပါက EU နှင့်ပတ်သက်သည့် ခန့်မှန်းတွေးဆချက်အားလုံးကို ဘေးဖယ်ထားလိုက်တော့မည်ဖြစ်ကြောင်း ဩဂုတ်လအတွင်းက မဲဆန္ဒရှင်များကို ပြောကြားခဲ့သည်။

ထောက်ခံမဲ “Yes” လှုပ်ရှားသူများကမူ ယူကရိန်းစစ်ပွဲနှင့် အခြားအာတိတ်ကျွန်းတစ်ကျွန်းဖြစ်သော ဂရင်းလန်းကို သိမ်းပိုက်မည့်အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်များကြောင့် ကမ္ဘာ့အခြေအနေ မတည်မငြိမ်ဖြစ်နေချိန်တွင် EU အဖွဲ့ထဲသို့ ဝင်ရောက်ခြင်းက မြင့်မားနေသောအတိုးနှုန်းများကို သက်သာစေနိုင်ပြီး ပိုမိုစိတ်ချရသော လုံခြုံရေးကို ပေးစွမ်းနိုင်မည်ဟု ပြောဆိုခဲ့ကြသည်။

ကန့်ကွက်မဲ “No” လှုပ်ရှားသူများကမူ EU အဖွဲ့ဝင်ဖြစ်လာခြင်းက အိုက်စလန်၏ အချုပ်အခြာအာဏာနှင့် ငါးဖမ်းရေပြင်ပိုင်ဆိုင်ခွင့်များကို ခြိမ်းခြောက်လာနိုင်သည်ဟု ပြောကြားခဲ့ကြသည်။

အိုက်စလန်နိုင်ငံသည် ဘဏ္ဍာရေးအကျပ်အတည်းက နိုင်ငံ၏စီးပွားရေးကို ထိခိုက်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် EU သို့ ဝင်ရောက်ရန် ပထမဆုံးအကြိမ် လျှောက်ထားခဲ့ဖူးသည်။ ထို့နောက် EU အပေါ် သံသယရှိသောအစိုးရက ၂၀၁၃ ခု နှစ်တွင် အဆိုပါဆွေးနွေးပွဲများကို ရပ်ဆိုင်းခဲ့သည်။

Ref: aljazeera.com
ယနေ့ခေတ်

အိုက်စလန်နိုင်ငံ ဥရောပသမဂ္ဂဝင်ရောက်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်မည့် အစီအစဉ်ကို လူထုဆန္ဒခံယူပွဲ၌ ပယ်ချလိုက်သည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.