မက်ဒရစ်၊ မတ် ၃၀
အီရန်အပေါ် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နေသော အမေရိကန်လေယာဉ်များအတွက် စပိန်က ၎င်း၏လေပိုင်နက်ကို ပိတ်လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီး မာဂရီတာ ရိုဘယ်လ်စ်က တနင်္လာနေ့တွင် ပြောကြားသည်။
“ကျွန်ုပ်တို့သည် အီရန်စစ်ပွဲနှင့် ဆက်စပ်သော လုပ်ဆောင်ချက်များအတွက် စစ်စခန်းများ သို့မဟုတ် လေပိုင်နက်အသုံးပြုခြင်းကို ခွင့်မပြုပါ” ဟု သူမက မက်ဒရစ်တွင် သတင်း ထောက်များအား ပြောကြားခဲ့သည်။
စပိန်သတင်းစာ El Pais သည် စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ တနင်္လာနေ့တွင် အဆိုပါသတင်းကို ပထမဆုံးဖော်ပြခဲ့သည်။
လေပိုင်နက်ပိတ်လိုက်ခြင်းကြောင့် စစ်ဘက်လေယာဉ်များသည် အရှေ့အလယ်ပိုင်းရှိ ၎င်းတို့၏ပစ်မှတ်များသို့ ဦးတည်ရာတွင် နေတိုးအဖွဲ့ဝင် စပိန်ကို ကျော်ဖြတ်သွားရမည်ဖြစ်သော်လည်း အရေးပေါ်အခြေအနေများ မပါဝင်ကြောင်း El Pais က ထပ်လောင်းပြောကြားသည်။
“ ဒီဆုံးဖြတ်ချက်ဟာ တစ်ဖက်သတ်စတင်ခဲ့တဲ့စစ်ပွဲမှာ မပါဝင်ဖို့ ဒါမှမဟုတ် နိုင်ငံတကာဥပဒေကိုဆန့်ကျင်တဲ့စစ်ပွဲမှာ မပါဝင်ဖို့ စပိန်အစိုးရက ချမှတ်ပြီးသား ဆုံးဖြတ်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ” ဟု စီးပွားရေးဝန်ကြီး ကားလို့စ် ကွယ်ပိုက ပြောကြားသည်။ Cadena Ser ရေဒီယိုနှင့် အင်တာဗျူးတစ်ခုတွင် စပိန်လေပိုင်နက်ကိုပိတ်ရန် ဆုံးဖြတ်ချက်သည် အမေရိကန်နှင့် ဆက်ဆံရေးကို ပိုမိုဆိုးရွားစေနိုင်သလားဟု မေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်သည် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများကို အပြင်းထန်ဆုံး ဆန့်ကျင်သူများထဲမှ တစ်ဦးဖြစ်ပြီး ၎င်းတို့ကို မဆင်မခြင်နှင့် တရားမဝင်လုပ်ရပ်ဟု ဖော်ပြခဲ့သည်။
အီရန်စစ်ပွဲတွင် အမေရိကန်က စပိန်အခြေစိုက် စစ်စခန်းများကို အသုံးပြုခြင်းကို ငြင်းဆိုသောကြောင့် မက်ဒရစ်နှင့်ကုန်သွယ်မှုကို ဖြတ်တောက်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့သည်။
Ref: reuters.com
ယနေ့ခေတ်
အီရန်စစ်ပွဲတွင် ပါဝင်နေသော အမေရိကန်လေယာဉ်များ စပိန်လေပိုင်နက်ကို ဖြတ်သန်းခွင့်မပြု ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်