ရန်ကုန်၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းကို အသစ်ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရ သည်။
အောင်ဆန်းကွင်း ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ အောက်တိုဘာ ၂၅ ရက်၊ နံနက် ၁၀ နာရီက ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၂)၌ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီနှင့် တရုတ်နိုင်ငံ Architectural Design & Research institute of Tongji University (Group) Co.,Ltd မှ Project အဖွဲ့တို့ တွေ့ဆုံညှိနှိုင်းဆွေးခဲ့ကြောင်း သိရသည်။
“တရုတ်နိုင်ငံက ဒီဇိုင်းပညာရှင်အဖွဲ့တွေက အောင်ဆန်းကွင်းမြေနေရာဆောက်လုပ်ဖို့ အဆောက်အဦးဒီဇိုင်း၊ ရေအသုံးချမှု၊ ရေဆိုးစွန့်ပစ်မှုတွေနဲ့စပ်လျဉ်းပြီး သတ်မှတ်ချက်တွေကို MNBC 2020 စံချိန်စံညွှန်းနဲ့အညီ ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေတွေမှာ ဖော်ပြထားချက်တွေ အပါအဝင် YCDC website တွေကို လေ့လာကာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့လိုအပ်တာတွေကို YCDC က ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အောင်ဆန်းကွင်းကြီးကို အားကစားဝင်းအဖြစ် ၁၉၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အားကစားကွင်း၏ မူလအမည်မှာ BAA(Burma Athletic Association Ground) ဖြစ်ပြီး အဆိုပါကွင်းတွင် ပြည်တွင်း/ပြည်ပ အားကစားပြိုင်ပွဲများလည်း ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် မူလအမည် BBA မှ အောင်ဆန်းအားကစားပြိုင်ဝင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယနေ့တိုင် အောင်ဆန်းအားကစားကွင်း အဖြစ် အမည်နာမ တွင်ကျန်နေဆဲဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
အောင်ဆန်းအားကစားကွင်းအသစ် ပြန်လည်တည်ဆောက်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်