ရန်ကုန်၊ ဇွန် ၁၂
အွန်လိုင်းတွင် ရွှေရောင်းဝယ်သူများအနေဖြင့် ငွေစုစာအုပ်ဖြင့် ရွှေရောင်းခြင်း၊ တာလီစနစ်ဖြင့် ရွှေရောင်းခြင်းနှင့် ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းများ မပြုလုပ်ကြရန် ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ရွှေဆိုင်များနှင့် အွန်လိုင်းမှတဆင့် ရွှေရောင်းဝယ်သူများအားလုံး ရွှေဆိုင်နှင့်ပတ်သက်သည့်လိုင်စင်များကို မဖြစ်မနေလျှောက်ထားကြရန်လိုအပ်သည်ဟု အသိပေးထားသည်။
“ တချို့ကရှိတယ် ကံစမ်းမဲဖောက်ပြီး ရွှေရောင်းကြတယ်။ ပြဿနာတွေလည်းတက်ကြတယ်။ အစုံပေါ့။ အဲဒါတွေမလုပ်ဖို့ပေါ့။ နောက်တစ်ခုက ရွှေဆိုင်လိုင်စင်ကို မဖြစ်မနေလုပ်ဖို့။ အွန်လိုင်းကပဲရောင်းရောင်း၊ ဆိုင်နဲ့ပဲရောင်းရောင်း လိုင်စင်လျှောက်ရမယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။
ရွှေဆိုင်လုပ်ငန်းတစ်ခုတွင် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလုပ်ငန်းလိုင်စင်၊ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေးလုပ်ငန်း အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်နှင့် ကုန်စည်ထုတ်သူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူများအားထုတ်ပေးသည့် လုပ် ငန်းမှတ်ပုံတင်လက်မှတ်များကို လျှောက်ထားရန်လိုအပ်သည်ဟု သိရသည်။
အွန်လိုင်းလိုင်စင်လျှောက်ထားရာတွင်လည်း www.ecommerce.gov.mm website တွင် ဝင်ရောက်လျှောက်ထားရမည်ဟု ဆိုသည်။
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ် ရွှေဆိုင်အားဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချခြင်းနှင့် လိုအပ်သည့်လိုင်စင်များလည်း လျှောက်ထားဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာဌာနများမှ လာရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
#စုစု
ဓာတ်ပုံ- ယနေ့ခေတ် (ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားသည့်ရွှေဆိုင်တစ်ခု) ပုံဟောင်း
#ယနေ့ခေတ်
အွန်လိုင်းကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းမပြုလုပ်ရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်