ဧရာဝတီတိုင်းတွင် မိုးစပါးများစိုက်ပျိုးမည့်အချိန် လယ်ထွန်စက်ခဈေးနှုန်းများ ယခင်ထက် နှစ်ဆကျော်မြင့်တက်လာသဖြင့် တောင်သူများ အခက်တွေ့နေ

ပုသိမ်၊ ဇူလိုင် ၃၁

ဧရာဝတီတိုင်းတွင် မိုးစပါးများစတင်စိုက်ပျိုးရန် ပြင်ဆင်နေသည့် လက်ရှိလယ်ထွန်စက်ခဈေးများ အရင်နှစ်ကထက်နှစ်ဆကျော်အထိ ထပ်မံမြင့်တက်လာသဖြင့် အခက်အခဲဖြစ် ပေါ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် ယခင်နှစ်က မိုးရာသီမိုးစပါး စိုက်ပျိုးသည့်အချိန်က လယ်တစ်ဧကကို ထွန်စက်ခငွေကျပ် ၄၅,၀၀၀ ဈေးသာရှိခဲ့ပြီး လက်ရှိလယ်တစ်ဧက ထွန်စက်ခ ငွေကျပ် ၉၅,၀၀၀ အထိ ဈေးတက်လာခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း ဒေသခံများမှ သိရသည်။

”အရင်ကထက် နှစ်ဆကျော်ကျော်အထိ တက်သွားတာ၊ လယ်လုပ်ဖို့ စိတ်ပါကုန်လာတယ်၊ ဒီအတိုင်ဆိုမလွယ်ဘူး၊ မတက်တာဘာမှမရှိဘူး၊ ဆီဈေးတက်၊ မြေသြဇာဈေးတက်၊ ရိတ်ခြွေခတက်၊ အခုလယ်ထွန်စက်ခဈေးထပ်တက်တော့ ဒုက္ခရောက်ပြီ။ ကိုယ်သာ ငှားရမ်းလုပ်ဖို့ပြင်နေတာ၊ အခြားတောင်သူတွေက စရိတ်မရှိလို့ မိုးစပါးစိုက်ဖို့ ဘာမှကိုမလုပ် ကြသေးဘူး။” ဟု ဒေသခံတောင်သူတစ်ဦးကပြောသည်။

အဆိုပါ လယ်ထွန်စက်ခဈေးနှုန်းများ ယခင်ထက်နှစ်ဆခန့် ထပ်မံတက်လာခြင်းသည် စက်သုံးဆီဈေး၊ စက်အထွေထွေသုံးပစ္စည်းကုန်ကျစရိတ် ဈေးများထိုးတက်နေခြင်းကြောင့် ဖြစ်ပြီး လယ်တစ်ဧကထွန်စက်ခငွေကျပ် ၉၅,၀၀၀ အထိအတက်ဈေးဖြင့် အငှားလိုက်နေသော်လည်း ထွန်စက်ခ အမြတ်ငွေကျပ် ၁၅,၀၀၀ သာကျန်သည်ဟု လယ်ထွန်စက်အငှား လိုက်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

”အရင်က ၄၅,၀၀၀ နဲ့အငှားလိုက်တာ ကိုယ့်အတွက် ၃၅,၀၀၀ အထိကျန်တယ်၊ အခု ၉၅,၀၀၀ နဲ့အငှားလိုက်တာ ကိုယ့်အတွက် ၁၅,၀၀၀ ကနေ ၁၇,၀၀၀ လောက် ပဲကျန်တယ်၊ ဒါပဲ ဒါမြင့်ဆုံးပဲကျန်တယ်၊ ထွန်စက်မှာ အဓိကအသုံးပြုရတဲ့ စက်သုံးဆီဈေးက ဒီလောက်တက်နေတာလေ၊ အခုက အလုပ်လုပ်ရတာက အလုပ်ရှိတယ်ဆိုတာ သာသာပဲရှိတယ်။ လယ် သမားတွေလည်း အဆင်ပြေဘူး။ ကျွန်တော်တို့လည်း အဆင်ပြေမနေပါဘူး။ ရှုံးတော့ မရှုံးသေးပါဘူး။ အရှုံးရှိလာရင်တော့ မလုပ်တော့ဘူး။ နားပဲနားနေလိုက်မယ်။” ဟု လယ်ထွန် စက်အငှားလိုက်သည့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် လယ်ထွန်စက်ခဈေးများ ထိုးတက်လာသဖြင့် အခက်အခဲဖြစ်နေရသည့်အပြင် စပါးဈေးမတည်ငြိမ်ခြင်း၊ ရွှေခရုတွေဖျက်ဆီးခြင်း၊ ဓာတ်မြေသြဇာဈေးတက် လာသည့်အတွက် လိုသလောက်မသုံးစွဲခဲ့ရခြင်း၊ စပါးဖျက်ပိုးများကျခဲ့ရခြင်း၊ စိုက်ပျိုးစရိတ်မတတ်နိုင်သည့်အတွက် မစိုက်ဘဲထားခဲ့ရခြင်း စသည့်အခြေအနေ အခက်အခဲများ လည်းဖြစ်ပေါ်နေသည်ဟု ဒေသခံတောင်သူများ၏ပြောပြချက်အရ သိရသည်။

ထို့အပြင် ယခုကဲ့သို့အခြေအနေများကြောင့် ယခုနှစ်နွေစပါးအထွက်နှုန်းမှာ စပါးတစ်ဧကလျှင် ပျှမ်းမျှ ၇၈ တင်းနှုန်းသာထွက်ရှိခဲ့ပြီး ယခင်နိုင်ငံရေးပြောင်းလဲသည့်ဖြစ်စဉ်များမ ဖြစ်ခင်က စပါးတစ်ဧကလျှင် ပျှမ်းမျှတင်း ၁၀၀ အထိထွက်ရှိခဲ့ကြောင်း သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် မိုးစပါးများစိုက်ပျိုးမည့်အချိန် လယ်ထွန်စက်ခဈေးနှုန်းများ ယခင်ထက် နှစ်ဆကျော်မြင့်တက်လာသဖြင့် တောင်သူများ အခက်တွေ့နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.