ရန်ကုန် ၊ ဇန်နဝါရီ ၇
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၃၉ ဒသမ ၉၁၁ သန်း ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် မြန်မာနိုင်ငံ၏စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန် ဆောင်မှုလုပ်ငန်း စသည့်ကဏ္ဍ ၇ ခုသို့ အဓိကဝင်ရောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်တွင်းမငြိမ်မသက်ဖြစ်မှုက ပိုပိုဆိုးလာတော့ ရင်းနှီးမြှုပ်နှံမှုက ဝင်သင့်သလောက် မဝင်တာကိုတွေ့ရတယ်။ လာရင်လည်း ပမာဏကနည်းတယ်။ အစောပိုင်းကာလတွေမှာ နာမည်ကြီးရင်းနှီးမြှုပ်နှံသူတွေက ထွက်ခွာသွားတော့ ပိုဆိုးသွားတာပေါ့။” ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
နိုင်ငံရေးမတည်ငြိမ်မှုများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာရှိကြောင်း၊ ယင်းကလနောက်ပိုင်း ပျမ်းမျှတစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလီယံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ အထူးစီးပွားရေးဇုန်ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၉၉၆ ဘီလီယံဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
#စုစု
ဓာတ်ပုံ – buildersguide
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၃၉ ဒသမ ၉၁၁ သန်းဝင်ရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်