KIA တပ်မဟာ ၉ နယ်မြေအနီး လေကြောင်းဖြင့်တိုက်ခိုက်ခံရ နှစ်ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကံဆီးကျေးရွာအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေအနီး လေကြောင်းဖြင့် တိုက်ခတ်ခံခဲ့ရပြီး နှစ်ဦးသေဆုံးခဲ့ ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အောက်တိုဘာလ ၁၆ ရက်၊ ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအတွင်းက KIA တပ်မဟာ ၉ နယ်မြေအနီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး KIA အရာရှိနှစ်ဦး ကျဆုံးသွားခဲ့ကြောင်း သိရသည်။

“လေယာဥ်နဲ့ရော လက်နက်ကြီးတွေနဲ့ပါပစ်တယ်၊ ဗိုလ်မှူးအဆင့်ရှိတဲ့သူ တစ်ယောက်နဲ့ နောက်တစ်ယောက် နှစ်ယောက်ကျသွားတယ်။” ဟု ဒေသခံသတင်းထုတ်ပြန်ရေးအဖွဲ့များ ထံမှ သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် နေအိမ်အဆောက်အဦးများအပါအဝင် ကျွဲ၊ နွားတိရိစ္ဆာန်များ ပါသေဆုံးခဲ့ရကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုမဖြစ်ခင် အောက်တိုဘာ ၁၃ ရက်က မြစ်ကြီးနား-ဗန်းမော်လမ်း အောင်ဂျာရွာ၌ KIA နှင့် နစကတို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၄ ရက်ကလည်း ဖား ကန့်လမ်း မအူပင်ကျေးရွာအနီး၌ ထပ်မံထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နစကဘက်မှ အရာရှိအချို့ထိခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

အောက်တိုဘာ ၉ ရက်၊ ညသန်းခေါင်ချိန်တွင် မုန်လိုင်ခက်စစ်ရှောင်စခန်း၌ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ ကလေးငယ် ၁၃ ဦးအပါအဝင် စစ်ရှောင် ၂၉ ဦးသေဆုံးခဲ့ရကာ ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – The Kachin Net

#ယနေ့ခေတ်

KIA တပ်မဟာ ၉ နယ်မြေအနီး လေကြောင်းဖြင့်တိုက်ခိုက်ခံရ နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.