NUG, PDF အဖွဲ့ အစည်းများနှင့် ပတ်သက်သည်ဆိုသည့် ဓနုဖြူဒေသခံ ၁၆ ဦး ဖမ်းဆီးခံရ

ဓနုဖြူ၊ မတ် ၁၁

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြီးခဲ့သည့်တစ်လအတွင်း NUG, PDF စသည့်အဖွဲ့အစည်းများနှင့် ပတ်သက်နေသည်ဆိုသည့် ဒေသခံအရပ်သား ၁၆ ဦးအထိ ဖမ်း ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ တစ်လအတွင်း ဒေသခံအရပ်သား အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား ၁၄ ဦးကို NUG, PDF စသည့်အဖွဲ့အစည်းများနှင့် ပတ်သက်နေ သည်ဟုဆိုကာ သက်ဆိုင်ရာမှ နေအိမ်များတွင် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲကအိမ်တွေမှာ လာဖမ်းသွားတာ။ ဖမ်းဆီးခံရသူတွေက လူငယ်အမျိုးသားတွေများတယ်။ အိမ်ထောင်သည် အမျိုးသားလူငယ်တွေလည်း အဖမ်းခံရတဲ့အထဲပါတယ်။ အဖေရောအမေပါ အဖမ်းခံရသူတွေလည်းပါတယ်။ မိဘနှစ်ဦးစလုံး အဖမ်းခံရတော့ အခုကလေးတွေအတွက်ပါ အခက်အခဲဖြစ်နေတယ်။ ဖမ်းတဲ့တာဝန်ရှိသူတွေကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပတ်သက်နေတာကြောင့်တဲ့။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီးနှစ်ဦးသည် လယ်ယာလုပ်ငန်း ၊ ဆိုင်ကယ်ကယ်ရီဆွဲသည့်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အွန်လိုင်းရှော့ပင်လုပ်ငန်း စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။

“တစ်လအတွင်းအဖမ်းခံရတဲ့ ဒေသခံအရပ်သား ၁၆ ယောက်က အသက် ၁၆ နှစ်ကျော်ကျော် လူငယ် ၆ ယောက်။ အသက် ၂၀ ကျော်အရွယ် လူငယ် ၈ ယောက်။ အသက် ၃၀ ဝန်း ကျင် ၃ ယောက်ပါ။ သူတို့ကို စစ်ကြောရေးနဲ့ ရဲစခန်းတွေမှာထိန်းသိမ်းထားတယ်လို့သိရတယ်။” ဟု သက်ဆိုင်ရာနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဓနုဖြူမြို့နယ်တွင် မတ်လပထမအပတ်မှစတင်ပြီး သက်ဆိုင်ရာက လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်မှုမရှိစေရေး၊ လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်လာခြင်းမရှိစေရေး၊ဒေသတည်ငြိမ်အေးချမ်းစေရေး စသည့်လုပ်ငန်းများအတွက် ပိတ်ဆိုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

NUG, PDF အဖွဲ့ အစည်းများနှင့် ပတ်သက်သည်ဆိုသည့် ဓနုဖြူဒေသခံ ၁၆ ဦး ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.