ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လူတိုင်းမှာ တာဝန်ရှိတယ်

သွေး(စစ်ကိုင်း)

နွေနေ့လယ်ခင်းမှာ အပြင်ထွက်ရင် “ပူလောင်အိုက်စပ်” မှုကို သိသိသာသာခံစားလာရပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပူပြင်းလာတဲ့နွေရာသီက ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်နေတာကို သက်သေပြနေပါတယ်။ ကျွန်မရဲ့အတွေးတွေက ကိုယ်တွေ့ကြုံရတဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က အဖြစ်အပျက်တွေကို ပြန်အမှတ်ရသွားပါတယ်။

မုန်တိုင်းဆိုတာကို နဖူးတွေ့ ဒူးတွေ့ကြုံရတဲ့အချိန် တော်တော်လေးကြောက်လန့်မိသလို အဲဒီအချိန်တုန်းက အဲဒီလောက်ထိ ပြင်းထန်တဲ့ နာဂစ်မုန်တိုင်းလာမယ်ဆိုတာ လူတော်တော်များများက ကြိုမသိခဲ့ကြပါဘူး။ မှတ်မှတ်ရရ မိတ်ဆွေတစ်ယောက်က မိုင် ၁၀၀ ကျော်ထိတိုက်နိုင်တဲ့ မုန်တိုင်းလာနိုင်ခြေရှိတယ်လို့ ကျွန်မကိုသတိပေးခဲ့ပါတယ်။ ကျွန်မကလည်း တချို့မိတ်ဆွေတွေကို ဂရုစိုက်နေထိုင်ဖို့ သတိပေးခဲ့ပေမဲ့ အများစုက မဖြစ်နိုင်ဘူးဆိုပြီး မယုံကြပါဘူး။

သမိုင်းလမ်းဆုံက အိမ်ခန်းလေးတစ်ခန်းမှာ ကျွန်မကငှားရမ်းနေထိုင်တာမို့ အိမ်ပြန်ရောက်ကတည်းက သတိနဲ့နေခဲ့ပါတယ်။ မေလ ၂ ရက် ည ၁၀ နာရီကျော်မှာ မုန်တိုင်းစဝင်လာပြီး နံနက်လင်းတာနဲ့အမျှ အရမ်းပြင်းထန်လာပါတယ်။ ပန်းအိုးတွေကျကွဲပြီး မိုးသည်းသည်းထန်ထန်ရွာတဲ့အချိန် တရဟောဝင်လာတဲ့ မိုးရေတွေကြောင့် ရေကြီးမှုဒဏ်ပါ ခံစားလိုက်ရ ပါရဲ့။ စားစရာရယ်လို့လည်း ဘာမှမရှိဘဲ မုန်တိုင်းစဲသွားတဲ့အချိန်မှာ အနီးနားက လက်ဖက်ရည်ဆိုင်က ပေါက်စီတစ်လုံးဝယ်ရလို့ တစ်နေကုန် ပေါက်စီတစ်လုံးနဲ့ပဲ အသက်ဆက်ခဲ့ရ တာပါ။

သစ်ပင်တွေ နေရာအနှံ့မှာ ကျိုးကျေနေသလို လျှပ်စစ်မီးလည်း ပြတ်တောက်သွားပါတယ်။ ရန်ကုန်တိုင်းထက်ပိုပြီး မုန်တိုင်းဒဏ်ခံစားရတာက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး သေဆုံးသူနဲ့ ပျောက်ဆုံးသူပေါင်း တစ်သိန်းကျော်ထိရှိပါတယ်။ အခုလောက်ထိ သေဆုံးမှုများရတာဟာ ကုန်းတွင်းပိုင်းအထိ မုန်တိုင်းဒီရေ ရောက်ရှိခဲ့လို့ရယ်၊ အချိန်မီ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်မှု မရှိခဲ့လို့ရယ်ကြောင့်ပါ။ နာဂစ်မုန်တိုင်းကနေ သဘာဝဘေးတစ်ခုခုဖြစ်ပေါ်လာရင် ကြိုတင်စီမံခန့်ခွဲမှု၊ ရွှေ့ပြောင်းနေရာချမှု ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်။

မြို့ပြတွေမှာ နာဂစ်မုန်တိုင်းပြီး နောက်ပိုင်းနှစ်တွေမှာ အပူချိန်တွေ ပိုတိုးလာခဲ့သလို Green Area လို့ခေါ်တဲ့ စိမ်းလန်းတဲ့ဧရိယာတွေ လျော့နည်းလာခဲ့လေရဲ့။ တစ်ဖက်ကကြည့်ရင် မြန်မာနိုင်ငံဟာ သစ်တောပြုန်းတီးမှု မြင့်မားတဲ့နိုင်ငံတွေထဲမှာ ပါဝင်နေပြီး စည်းမဲ့ကမ်းမဲ့ သတ္တုထုတ်လုပ်မှု၊ တရားမဝင် သစ်ခုတ်လှဲမှုတွေကြောင့် ရာသီဥတုဖောက်ပြန်မှုဒဏ် ပိုခံလာရပါတော့တယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှုအနေနဲ့ ၈၃၀,၀၀၀ ဟက်တာအထိ ရှိပါတယ်။

သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လုပ်မှု ပိုများလာသလို သဘာဝဘေးဒဏ်တွေလည်း ပိုခံလာရတာပါ။ သိသာတဲ့ ဖြစ်ရပ်တစ်ခုကတော့ ၂၀၂၄ ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ပေါ်မြို့တစ်မြို့ဖြစ်တဲ့ “ကလောမြို့” အပါအဝင် မန္တလေးတိုင်းက ရမည်းသင်းမြို့နယ်တွေမှာ ဆိုးဆိုးရွားရွားရေကြီပြီး လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာပါ။ ရမည်းသင်းမြို့နယ်က ရွှေတူးတဲ့နေရာနဲ့နီးတဲ့ တစ်ချို့ရွာတွေဟာ ရွာလုံးကျွတ်နီးပါး ပျောက်ကွယ်သွားရတာထိရှိသလို ထင်းရှူးတောတွေ လျော့နည်းလာတဲ့အတွက် ရှမ်းပြည်နယ်က “ကလောမြို့” ဟာ မကြုံစဖူး ရေကြီးတဲ့ဒဏ် ခံခဲ့ရတာပါ။

ကမ္ဘာပေါ်မှာ ရေခဲမြစ်တွေ မကြုံစဖူး အရည်ပျော်ကျနေသလို တစ်ဖက်ကလည်း တောမီးလောင်ကျွမ်းမှုတွေ၊ အပူလှိုင်း (Heat Wave) ဖြတ်မှုတွေ ပိုများလာနေပါတယ်။ တောင်အာရှမှာ ပြီးခဲ့တဲ့နှစ်တွေက အပူလှိုင်းဒဏ်ကြောင့် လူသေဆုံးမှုတွေရှိခဲ့သလို ဥရောပနိုင်ငံတွေမှာပါ စံချိန်တင်ပူပြင်းမှုနဲ့ တွေ့ကြုံခဲ့ရတာပါ။ အခုဆိုရင် အမေရိကန်နဲ့ အီရန်နိုင်ငံကြား စစ်ပွဲတွေဖြစ်ပွားနေမှုဟာ နှစ်လကျော် ကြာမြင့်လာခဲ့ပြီဖြစ်သလို ဗုံးကြဲမှုတွေ၊ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေ မြင့်တက်လာနေပါတယ်။ အဲဒီလို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအတွက် တာဝန်ရှိတဲ့ အမေရိကန်နိုင်ငံက တာဝန်ယူမှုမရှိတာကလည်း တာဝန်ယူ၊ တာဝန်ခံလိုစိတ်ကင်းမဲ့မှုကို ဖော်ပြနေပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ကာဘွန်အများဆုံးထုတ်လွှတ်တဲ့နိုင်ငံတွေထဲမှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေ ပါဝင်နေပေမဲ့ ကာဘွန်ထုတ်လွှတ်မှုနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုမိုခံစားလာနေရပါတယ်။

ဟိမဝန္တာဒေသရဲ့ ရေခဲမြစ်တွေ အရည်ပျော်ကျမှုက လက်ရှိအချိန်မှာပဲ အိန္ဒိယနိုင်ငံအပေါ် သက်ရောက်မှုရှိနေပါပြီ။ အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ ပူပြင်းခြောက်သွေ့မှုဒဏ် ခံစားလာရသလို နှစ်စဉ်နှစ်တိုင်း လေထုညစ်ညမ်းမှုမြင့်တမားတဲ့ဒဏ် ခံစားနေရပါတယ်။ စွမ်းအင်အတွက် လိုအပ်ချက်တွေရှိနေဆဲနိုင်ငံတွေမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ လည်ပတ်မှုကလည်း လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် ကျောက်မီးသွေးမိုင်း ပြိုကျမှုတွေကြောင့် လူ့အသက်သေဆုံးမှုတွေ ရှိနေဆဲပါ။ ရေကြီး ရေလျှံမှုနဲ့ မုန်တိုင်းတိုက်ခတ်မှု အကြိမ်ရေ မြင့်တက်လာမှုကို ဒီနေ့ထက်ထိ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတွေမှာ တွေ့ကြုံနေရဆဲဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်ဖို့ အလားအလာများနေကြောင်း မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု ပုံမှန်မဟုတ်မှုတွေ ရှိနိုင်သလို စိုက်ပျိုးရေးကို အားထားနေရတဲ့နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်ပြီး စားနပ်ရိက္ခာမဖူလုံမှုတွေ တွေ့ကြု့နိုင်ခြေရှိတာ မေ့မထားသင့်ပါဘူး။ ရာသီဥတုနဲ့လိုက်လျောညီထွေရှိတဲ့ သီးနှံတွေစိုက်ပျိုးဖို့ လိုအပ်သလို စိုက်ပျိုးရေ လုံလုံလောက်လောက်ရရှိရေးကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။ မိုးတိမ်တောင်ဖြစ်စဉ်တွေကြောင့် လေထုမငြိမ်မသက်ဖြစ်ပြီး လေပြင်းတိုက်ခတ်မှု၊ မိုးကြိုးပစ်မှု ဖြစ်စဉ်တွေလည်း မြို့တချို့မှာ ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လက လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြောင့် မြေလွှာအက်ကွဲမှုတွေ၊ မြေအောက်ရေ နိမ့်ကျသွားမှုတွေ ဖြစ်ခဲ့တာကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ မြေလွှာအက်ကွဲမှုဖြစ်ခဲ့တဲ့ ဒေသတွေမှာ မိုးရွာသွန်းမှုများပြားရင် မြေကျွံနိုင်ငတဲ့အန္တရာယ်ရှိနေပါတယ်။ မြေအောက်ကနေထုတ်ယူမှုမှာ အလွန်အကျွံမဖြစ်အောင် စည်းကမ်းတကျထုတ်ယူသင့်သလို မိုးရေတွေကို စနစ်တကျ စုဆောင်းထားနိုင်ရင် အကောင်းဆုံးပါပဲ။

သစ်တော သယံဇာတ၊ ရေ သယံဇာတတွေ အပါအဝင် သယံဇာတတွေဟာ မကုန်နိုင်မခန်းနိုင် ရနေတဲ့အရာတွေ မဟုတ်ပါဘူး။ ပြုန်းတီးသွားတဲ့ သစ်တောတွေနေရာမှာ သစ်တောပြန်လည် ပြုစုပျိုးထောင်ရေးကို စနစ်တကျ ပြန်လည်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ အဲလိုမလုပ်ဆောင်နိုင်ဘူးဆိုရင် တစ်နှစ်ထက်တစ်နှစ် မြေဆီလွှာတည်တံ့ရေး လျော့ပါးလာမှာဖြစ်ပြီး ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ မြစ်တွေရဲ့ တည်တံ့ရှင်သန်ရေးကို ထိခိုက်စေတဲ့ စည်းကမ်းမဲ့ သတ္တုတူးဖော်မှု၊ ရွှေတူးဖော်မှု၊ အမှိုက်စွန့်ပစ်မှုတွေကို ရပ်တန့်စေဖို့လုပ်ဆောင်ရမှာပါ။ မြေအောက်ရေ၊ မြေပေါ်ရေ အရင်းအမြစ်တွေကို နောင်လာမယ့်မျိုးဆက်တွေ သုံးစွဲနိုင်ဖို့ အမြှော်အမြင်ကြီးကြီးနဲ့ စီမံထားသင့်ပါတယ်။

ကျွန်မတို့အနေနဲ့ ရာသီဥတုပူလိုက်တာလို့ ညည်းညူနေရုံနဲ့ မပြီးပါဘူး။ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးမှာ တစ်ဦးတစ်ယောက်ချင်းစီ တတ်နိုင်သလောက်ပါဝင်နိုင်ဖို့ ကြိုးစားသွားရမှာပါ။ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားသင့်သလို ပြန်သုံးနိုင်တဲ့ပစ္စည်းတွေကို ပြန်သုံးတာ၊ လျှော့သုံးနိုင်တဲ့ပစ္စည်းတွေကို လျှော့သုံးသင့်ပါတယ်။ လူသားတွေရဲ့ ပယောဂကြောင့် ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွအကုန်လုံး ဝိုင်းဝန်းကြိုးပမ်းဖို့ အချိန်တန်ပါပြီ ဖြစ်ပါကြောင်း။

သွေး(စစ်ကိုင်း)
Photo – Live Science
ယနေ့ခေတ်

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လူတိုင်းမှာ တာဝန်ရှိတယ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.