နိုင်ဝင်းဆွေဆီ ပို့ပေးပါ

ထိုက်သူနိုင်

မာနယ်ပလော (KNU ဌာနချုပ်) ၁၉၉၃ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြန်ကြားရေးဌာနဝန်ထမ်း ကိုပန်းခက်နဲ့ သူ့အမျိုးသမီး မခိုင်တို့ဖွင့်ထားတဲ့ ထူးရာစိုး လက်ဖက်က်ရည်ဆိုင်ကနေ လှမ်းကြည့်ရင် ဆရာနိုင်ဝင်းဆွေနေတဲ့အိမ်ကို ဒိုးယိုပေါက်နီးပါး လှမ်းမြင်ရပါတယ်။ ဒိုးယိုးပေါက်နီးပါးလို့ ကျနော်သုံးနှုန်းရတာက ကိုပန်းခက်ရဲ့လက်ဖက်ရည်ဆိုင်က လမ်းဘေးကုန်းအမြင့်မှာ။ ဆရာနိုင်ဝင်းဆွေအိမ်က ကုန်းအောက်မှာ၊ ကာထားတဲ့ခြံစည်းရိုးက လမ်းလျှောက်ရင်း ကျော်ဝင်လို့ရနိုင်တဲ့ အနေအထားဖြစ်ရုံ ကာထားတာမို့ပါ။ ခြံထဲမှာ တဲတစ်လုံးရှိပြီး အခန်းနှစ်ခန်းနဲ့ မီးဖိုချောင်တစ်ခုပါပါတယ်။ ဒါကြောင့် ကုန်းမြင့်ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ထဲကကြည့်ရင် ဆရာနိုင်ဝင်းဆွေရဲ့တဲထဲအထိ လှမ်းမြင်ရတဲ့အတွက် ဒိုးယိုးပေါက်နီးပါးလို့ သုံးနှုန်းတာပါ။

ကိုပန်းခက် လက်ဖက်ရည်ဆိုင်ဆိုတာလည်း စားပွဲအသေးသုံးလေးလုံးနဲ့ လူဆယ်ရောက်လောက်လာထိုင်ရင် ထပ်ထိုင်စရာနေရာ မလုံလောက်တော့တဲ့ မည်ကာမတ္တ လက်ဖက်ရည်ဆိုင်ပါ။ လက်ဖက်ရည်ဆိုင်ဘေး မြေနီလမ်းမပေါ် KNU ရဲဘော်တချို့ရဲ့ အမိုးဖွင့်ဟိုင်းလတ်ကားတွေ ဖြတ်မောင်းသွားရင် ဖုံမှုန့်တွေ လက်ဖက်ရည်ဆိုင်ထဲကို ဝင်လာတတ်သလို ဆရာနိုင်ဝင်းဆွေအိမ်ထဲကို အလိပ်လိုက် လှိမ့်ဝင်သွားတတ်ပါတယ်။ ဆောင်းရာသီတွေမှာတော့ မာနယ်ပလောက ဖုန်ထတာနည်းပါတယ်။

ကိုပန်းခက် လက်ဖက်ရည်ဆိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အဖွဲ့ဝင်တွေက ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ နာမည်ပေးထားတဲ့ လမ်းဆုံမှာရှိပြီး KNU စစ်ရေးပြကွင်းကနေ နာရီဝက်အတွင်း လမ်းလျှောက်သွားလို့ရတဲ့နေရာမှာရှိပါတယ်။ လမ်းဘေးမှာ ဆရာနိုင်ဝင်းဆွေရဲ့တဲ၊ သူ့တဲနဲ့ကပ်ရက် တစ်ခြားတစ်ဘက်မှာတော့ လူတစ်ယောက်ခုန်ပြီး ဖြတ်ကျော်နိုင်တဲ့ မဲတုကီ ချောင်းသေးလေးရှိပြီး ချောင်းတစ်ဘက်က ရဟန်းပျိုသမဂ္ဂ အရှင်ခေမာစာရရဲ့ ကျောင်းရှိပါတယ်။

ဆရာနိုင်ဝင်းဆွေနဲ့အတူနေတဲ့ ကဗျာဆရာ ကိုတိုက်အောင်က “ ဆရာက ခင်ဗျား ကိုတွေ့ချင်လို့ လာခဲ့ပါဦး” ဆိုလို့ ကျနော်လာခဲ့တာပါ။ ကျနော် မာနယ်ပလောကနေ ခြောက်လ ကျော်လောက် ပျောက်သွားပြီး (ကရင်နီဘက်ကိုရောက်နေပြီး) ပြန်ရောက်လာတာကို သိတဲ့အတွက် စကားပြောဖို့ တကူးတကလှမ်းခေါ်တာလို့ နားလည်ပါတယ်။

ဆရာနိုင်ဝင်းဆွေတဲကိုရောက်တဲ့အချိန် “ ခဏစောင့်နော် ဆရာတရားထိုင်နေလို့” ဆိုပြီး ကိုတိုက်အောင်ကပြောလို့ ကျနော် သူ့တဲအဝင်မှာ ထိုင်စောင့်နေပါတယ်။ ဆရာနိုင်ဝင်းဆွေ တရားနေထိုင်နေတာကို ကျနော်ထိုင်နေတဲ့နေရာက လှမ်းမြင်ရပါတယ်။ ကျနော် သူ့နောက်ကျောကိုကြည့်ပြီး စောင့်နေပါတယ်။

ကွန်မြူနစ်တွေ အသက်ကြီးလာရင် ဘာသာရေးတွေ ပိုလုပ်ကြတယ်။ အာပတ်ဖြေတာပေါ့ကွာဆိုပြီး ABSDF ခေါင်းဆောင်တစ်ယောက်က ဆရာနိုင်ဝင်းဆွေနဲ့ပတ်သက်ပြီး ခပ်နောက်နောက်ပြောတာ သတိရလိုက်မိပါတယ်။ ဆရာနိုင်ဝင်းဆွေဟာ မယုံနိုင်လောက်အောင် ဘာသာရေးကိစ္စတွေကို စွဲစွဲမြဲမြဲလိုက်နာ ကျင့်ကြံနေတာကို သတိထားမိပါတယ်။ သိပ်မကြာခင် လပိုင်းကပဲ ကိုမိုးသီးဇွန်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ကိုမြင့်ဇော် (ကွယ်လွန်) တို့ သူ့ကိုသင်္ကန်းစီးပေးခဲ့တဲ့သတင်းကို ကြားမိပါတယ်။

ဆရာနိုင်ဝင်းဆွေဟာ မဟူရာမေတ္တာ၊ ရေဆန်လမ်း၊ မသိန်းရှင်ဆီပို့ပေးပါ၊ နွေတည၊ မြစပယ်ရုံစတဲ့ ဝထ္ထုတွေနဲ့ မြန်မာစာပေလောကမှာ မှော်ဆရာတစ်ယောက်လို့ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့၊ ထင်ရှားတဲ့သူတစ်ယောက်ပါ။ သူရေးတဲ့ကဗျာထဲကလို ကာဝိုင်းတောင်မကြီးထိပ်က ဝ, ဒိုင်နယ်ရုံးကလေးကနေ ဖလံတောင်ဝှေးတွေပေါက်တဲ့ မာနယ်ပလောကို သူဘယ်အချိန် ရောက်လာခဲ့တယ်ဆိုတာတော့ ကျနော် အတိအကျမသိပါ။

သူ့ အသက် ၅၀၊ ကလောင်သက် ၂၅ နှစ်၊ ၁၉၉၁ ခုနှစ်က ကလောင်ငွေရတု အထိမ်းအမှတ်ရေးဖွဲ့ခဲ့တဲ့ ကဗျာတစ်ပုဒ်မှာ သူက ဒီလိုရေးဖွဲ့ထားပါတယ်။

“ အရွယ်
ပြည့်ဝန်းတဲ့ နှစ်လေးဆယ်မှာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့။
အဲသည်တုန်းက
ပြီးတော့လည်း အမှတ်တမဲ့နဲ့ပဲ
ပျောက်လည်း ပျောက်ကွယ်သွားဦးမယ့်
အချစ်မီးလေးတခဲ

ရင်ထဲမှာ စွဲငြိဆဲလေ … …

အချစ်ကိုချစ်
အလှကိုချစ်
အနုပညာကို ချစ်သူရဲ့
အချစ်တွေအုံဖွဲ့လို့။

‘အမြဲတမ်းမြူနှင်းတွေ
မှိုင်းပြပေနေတဲ့ ကာဝိုင်းတောင်မကြီးထိပ်က
ဝ,ဒိုင်နယ်ရုံးကလေးရှေ့မှာ
က,မြူး ခုန်ပေါက်နေတဲ့
အမွှေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ … ’

‘အနုပညာကို ချစ်
ယုံကြည်ချက်ကို ချစ်
သစ္စာတရားကို ချစ်
လောကကို ငါချစ်တယ်
အချစ်ကြောင့်ပဲ ကွန်မြူနစ်လည်း ဖြစ်လာတယ်။”

ငွေ ရွှေ ရတု (နိုင်ဝင်းဆွေ) ကဗျာထဲမှ

ပြီးခဲ့တဲ့ခြောက်လလောက်က ကျနော် KNU ရဲ့ တပ်မဟာ ၃ ရှေ့တန်း ကျောက် ကြီးဘက်မှာ တစ်နှစ်လောက်တာဝန်ထမ်းပြီး ပြန်ရောက်တဲ့အချိန် ဆရာနိုင်ဝင်းဆွေက တွေ့ချင်တယ်ဆိုလို့ ဒီတဲမှာပဲ တစ်ခါလာတွေ့ရပါတယ်။ အဲဒီတုန်းကလည်း သူ့တပည့် ကိုတိုက်အောင်ကပဲ “ ဆရာက ခင်ဗျားနဲ့ စကားပြောချင်လို့” ဆိုပြီးလာခေါ်လို့ လာခဲ့တာပါ။ ဆရာနိုင်ဝင်းဆွေက မာနယ်ပလောမှာ စာပေနဲ့ အနုပညာကလပ် (လွတ်မြောက်နယ်မြေ) ရဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့အချိန် သစ္စာရီဗျူးစာစောင်ထုတ်ဝေပြီး နိုင်ငံရေးစစ်တမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းမိတ်ဆက်များ ဆောင်းပါးတွေနဲ့ သုံးဘက်မြင် အနုပညာစစ်တမ်းဆိုတာတွေ ရေးနေတဲ့အချိန်ပါ။

ကျနော်က အသက် ၂၁ နှစ်၊ ၂၂ နှစ်ဝန်းကျင်၊ စာပေနဲ့ အနုပညာကလပ်မှာတက် တက်ကြွကြွပါဝင်ပြီး လူကြီးတွေတစ်ခုခုခိုင်းရင် ဖင်ပေါ့တာကလွဲလို့ ကြီးမားကျယ်ပြန့်တဲ့ စာပေနယ်ဆိုတာ ကျနော်နဲ့ အလှမ်းဝေးပါတယ်။ စာဖတ်တယ်၊ ကဗျာဖတ်တယ်၊ ကြိုက်ရင် အလွတ်ကျက်ပြီး မကြာခဏ လူတွေကိုရွတ်ပြတတ်တယ်။ ဒေါင်းအိုးဝေမှာတော့ တစ်ခါတစ်လေ ဝတ္ထုတိုလေး၊ ဆောင်းပါးလေး၊ ကဗျာလေး ရေးပါတယ်။ စာပေကိုတန်ဖိုးထား စိတ်ဝင်စားတဲ့အတွက် စာရေးတဲ့သူတွေနဲ့ အနေနီးပါတယ်။

သစ္စာရီဗျုးမှာ ဆောင်းပါးတွေရေးဖို့၊ ကျနော့ဆောင်းပါးတွေကို လိုအပ်ရင် သူပြင်ပေးမယ့်အကြောင်း ဆရာနိုင်ဝင်းဆွေကမ်းလှမ်းတာဟာ ကျနော့အတွက် နည်းတဲ့အခွင့်အရေးမ ဟုတ်ပါဘူး၊ “ ခင်ဗျား ဒေါင်းအိုးဝေမှာရေးတဲ့စာတွေ ကျနော်ဖတ်တယ်” ဆိုပြီး ကျနော့်ကိုလူရာသွင်းပြီး တစ်ခုတ်တစ်ရခေါ် စကားပြောတာလည်း ကျနော့အတွက် အင်မတန်တန်ဖိုးကြီးတဲ့ ဆုလာဘ်တစ်ခုဖြစ်ခဲ့ပါတယ်။

တောထဲမှာဆို စာရေးတဲ့သူနည်းတော့ ကျနော့ကို သူအာရုံစိုက်မိတာဖြစ်နိုင်ပြီး ကျနော်က စာပေနဲ့ အနုပညာကလပ် အစည်းအဝေးမှန်မှန်တက်တဲ့သူ၊ လူကြီးတွေခိုင်းရင် ပေါ့ပေါ့ပါးပါးလုပ်တတ်တဲ့သူမို့ သူ သတိထားမိတာလည်း ဖြစ်နိုင်ပါတယ်။ တခြားသူတွေက တာဝန်ကြီးကြီးယူတဲ့ ခေါင်းဆောင်တွေဆိုတော့ စာပေနဲ့ အနုပညာကလပ်ထဲမှာ သာမန်ရဲဘော်ဖြစ်တဲ့ကျနော့်ကို သူ့စာစောင်မှာခိုင်းရင် ပိုအဆင်ပြေမယ်ဆိုပြီး တွေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြည်တွင်းမှာဆို ဆရာနိုင်ဝင်းဆွေနားကပ်နိုင်ဖို့ လွယ်မှာမဟုတ်ပါဘူး။

ဆရာက ဖြစ်နိုင်ရင် သူ့တဲမှာ သူနဲ့အတူလာနေပြီး စာစောင်ထုတ်ဝေရေးကိစ္စတွေကို အတူတူလုပ်ဖို့ပြောပါတယ်။ စားဖို့၊ သောက်ဖို့ မပူနဲ့၊ သူ့တပည့် ကိုတိုက်အောင်ကလည်း ခင် ဗျားလာနေမယ်ဆိုရင် ကျနော်လည်းအားရှိတယ်။ အတူတူလုပ်ကြမယ်ဆိုပြီး ဝမ်းပန်းတသာ ကြိုဆိုပါတယ်။ ကျနော် နှစ်ခါမခေါ်ရပါဘူး၊ ချက်ခြင်းပဲလက်ခံပါတယ်။ ABSDF က ထွက်စာတင်ထားတယ်၊ ထွက်ခွင့်ရတာနဲ့ ပြောင်းလာခဲ့မယ်ဆိုပြီး ကျနော်ကတိပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ABSDF ရဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ နိုင်ငံရေးမုန်တိုင်း၊ လှိုင်းဂယက်တွေကြားမှာ ကျနော်ဟာ ဘာမှန်းမသိတဲ့အမှုတစ်ခုနဲ့ အရေးယူခံရသူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ နောက်ရက်ကစပြီး ကျနော့်ကို အပြင်သွားလာခွင့်ပိတ်ပင်ပြီး အလုပ်ကြမ်းနဲ့ အကျယ်ချုပ်ချထားတဲ့အကြောင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့် (ကွယ်လွန်) က ပြောပါတယ်။

ကိုမျိုးသန့်က ကိုမိုးသီးဇွန်ဦးဆောင်တဲ့ ABSDF ရဲ့ စစ်ကော်မရှင် အတွင်းရေးမှူးပါ။ ရှေ့တန်းရဲ့ ညွှန်ကြားချက်အရ အခုလိုထိန်းသိမ်းတာဆိုပြီး ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့်ကပြောပါတယ်။ ကျနော် ရှေ့တန်းကပြန်ရောက်လာတာ မကြာသေးခင်မှာ အခုလိုထိန်းသိမ်းခံရတာပါ။ ကျနော်နဲ့ရင်းနှီးတဲ့ ကိုလွမ်းဏီတို့ ကိုဇော်မင်းတို့ကိုယ်တိုင် ကျနော့ဘက်က ကန့်ကွက်ခဲ့ပေမဲ့ ကယ်ဖို့အထိတော့ အခြေအနေမပေးတော့ပါဘူး။ ကိုမိုးသီးဇွန်ခရီးထွက်နေတဲ့အတွက် ပြန်လာရင် ဒီကိစ္စ ပြေလည်အောင်ညှိနိုင်းပါ့မယ်။ လက်လွန်ခြေလွန် မဖြစ်စေရပါဘူး။ အေးအေးဆေးဆေး စခန်းထဲမှာပဲနေပြီး ခိုင်းတဲ့အတိုင်းနေဖို့ ကိုလွမ်းဏီအပါအဝင် တာဝန်ရှိသူတချို့က ဖျောင်းဖျပါတယ်။

၂၀၈ ကုန်းလို့ခေါ်တဲ့ စခန်းကနေ အပြင်ထွက်ခွင့်မရတော့တဲ့အတွက် ကျနော် ဆရာနိုင်ဝင်းဆွေဆီ မရောက်ဖြစ်တော့ပါဘူး။ သစ္စာရီဗျုးထုတ်ဝေရေးမှာ ကျနော်မပါဝင်ဖြစ်တော့ပါဘူး။

လက်နက်ကိုင် အုပ်ချုပ်ခွင့်ရချိန်မှာ လူ့အခွင့်အရေးနဲ့ ရဲဘော်ရဲဘက်စိတ်ကို တန်ဖိုးထားဖို့ အားနည်းသွားတတ်တဲ့၊ အမိန့်ပေးရတာကို ပျော်မွှေ့သွားတတ်တဲ့ ခေါင်းဆောင်တချို့ရဲ့လုပ်ရပ်တွေကို ကျနော်လက်မခံနိုင်ခဲ့ပါဘူး။ ကျနော့ကို ရန်သူသူလျှိုအဖြစ် သံသယရှိတဲ့အတွက် ဖမ်းဆီးလိုက်တာလို့ ယုံကြည်မိတာရော၊ ပြစ်မှုတစ်စုံတစ်ရာမပြောဘဲ ဖမ်းဆီးတာဟာ မတရားမှုလို့မြင်တဲ့အတွက် ၂၀၈ ကုန်းကနေ အသက်စွန့်ပြီး ကျနော်ထွက်ပြေးခဲ့ပါတယ်။ နောက်ပိုင်း ပစ်ခတ်ဖမ်းဆီးတဲ့အချိန် ကံကောင်းထောက်မစွာ လက်မတင်လေး လွတ် မြောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နောက် ၆ လလောက်အကြာမှ မာနယ်ပလောကို ပြန်ရောက်လာခဲ့တာပါ။

ဆရာနိုင်ဝင်းဆွေရေးတဲ့ မိုးမခဘူး ကဗျာထဲကလို

“ ချိန်ခါတန်တော့လည်း
ဖုံးလွှမ်းရေများ၊ ကျသွား ထွက်ပြေး
မိုးမခ ပင်ဟာ
ရွှံ့နွံထဲက ကုန်းရုန်းထ
လှပ နေခြည်သစ်အောက်မှာ
ရွက်သစ်စိမ်းတွေ ဖားလျား ဖြန့်ဝေ။

အနည်းအပါးတော့ ယိုင်နဲ့ သွားခဲ့၊
အနည်းအပါးတော့ ညှိုးနွမ်းသွားခဲ့ရ၊
အနည်းအပါးတော့ ကျိုးပျက် ပဲ့ရွဲ့သွား။

“အသေးအနှုတ် အဖွဲ့ကလေးတွေ
ရေက တိုက်စားသွားခဲ့၊ သွားပါစေလေ”
ဒဏ်ရာတွေနဲ့
ဒါပေမဲ့ ပြုံးနေတဲ့ မျက်နှာကို
မိုးထက် ဝဠာ သို့ မော့လို့။”

မိုးမခဘူး (နိုင်ဝင်းဆွေ) ကဗျာထဲမှ

တော်လှန်ရေးခရီးဟာ သူရေးတဲ့ ကဗျာထဲကလောက်တော့ မချောမွေ့ခဲ့ပါဘူး၊ လူတွေရဲ့ ရှင်သန်မှု စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားနိုင်တဲ့ နေရာနဲ့ ကာလမှာ အနည်းအပါး ယိုင်နဲ့သွားတာမျိုး မဟုတ်တော့ ပြန်ရပ်တည်နိုင်ဖို့ ရှေ့ဆက်ဖို့ အချိန်ယူရပါတယ်။ ဘာပဲဖြစ်ဖြစ် ဘဝဆိုတာ သူ့ကဗျာထဲက မိုးမခပင်တွေလို ရွံနွံထဲက ကုန်းရုန်းထပြီး ရှေ့ဆက်နေကြရတာကို သတိထားမိပါတယ်။ မှတ်မှတ်ရရ သတိထားမိတာကတော့ ဆရာနိုင်ဝင်းဆွေဟာ ကျနော် မာနယ်ပလောနဲ့ဝေးသွားခဲ့တဲ့ ခြောက်လောက်အတွင်း တရားထိုင်တာ၊ သမာဓိတည်ဆောက်တာတွေ တော်တော်လုပ်နေပြီး တော်တော်လေးပြောင်းလဲသွားတာ တွေ့ရပါတယ်။

သူတရားထိုင်တာပြီးအောင် စောင့်နေရတာ နာရီဝက်ကျော်ကျော် ကြာမယ်ထင်ပါတယ်။ ကျနော် တဲရှေ့ မှာထိုင်နေတုန်းမှာပဲ ဆရာနိုင်ဝင်းဆွေ တရားထိုင်ပြီးပါတယ်။ သူက ကိုထိုက်သူနိုင်လို့ပဲ ကျနော့်ကလောင်နာမည်ကို ခေါ်ပါတယ်။ ခင်ဗျားပြန်ရောက်လာတာ ကျနော်သိပ်ဝမ်းသာတယ်တဲ့၊ သတင်းတွေအားလုံး ကျနော်ကြားတယ် (ထွက်ပြေးလွတ်မြောက်သွားတဲ့သတင်းတွေ၊ ပစ်ခတ်ဖမ်းဆီးတဲ့သတင်းတွေနဲ့ အဝေးရောက်သွားခဲ့တဲ့သတင်းတွေကို ဆိုလိုတာပါ)။ အိမ်မှာ မကျုံ (သူ့ဇနီး) မုန့်ဟင်းခါးချက်ထားတယ်၊ မီးဖိုးချောင်ထဲမှာ စားသွားလို့ ပြောပါတယ်။ ပြီးတော့ ကျနော့ကိုထားခဲ့ပြီး တစ်နေရာကို ထွက်သွားပါတယ်။


ကျနော့ကို ကိုတိုက်အောင်က မီးဖိုချောင်ထဲခေါ်ပြီး မုန့်ဟင်းခါးကြွေးပါတယ်။ မုန့်ဟင်းခါးက ရှိတာနဲ့ ဖြစ်သလိုချက်ထားတဲ့ မုန့်ဟင်းခါးပါ။ မီးဖိုချောင်လို့ပြောပေမဲ့ ထိုင်စရာနေရာမရှိပါဘူး။ ကြမ်းပြင်ပေါ်မှာပဲ ထိုင်စားပါတယ်။ မီးဖိုချောင်ကြမ်းခင်းတွေက သတိထားပြီးမသွားရင် ခြေကျွံကျနိုင်လောက်တဲ့အထိ မညီမညာခင်းထားတာပါ။

ပိုဆိုးတာကတော့ မီးဖိုချောင်အပေါ်က အမိုးနေရာ တော်တော်များများ မလုံတော့ပါဘူး။ တောထဲမှာ အင်ရွက်တွေဒီလောက်ပေါတာ၊ မိုးရာသီဆိုရင် ဆရာ့ဇနီး ဒေါ်ကျုံ ဒီနေရာမှာ ဘယ်လိုချက်ပြုတ်မလဲ၊ အားတဲ့တစ်ရက် မီးဖိုချောင်ပြန်မိုးရအောင်ဗျာ၊ ကျနော့ကိုခေါ်လိုက်၊ ကျနော်ကူလုပ်ပေးမယ်ဆိုပြီး မုန့်ဟင်းခါးစားရင်း ကိုတိုက်အောင်ကို ပြောဖြစ်ပါတယ်။

ကိုတိုက်အောင်ကတော့ “ ဆရာက ခင်ဗျားဘေးမသီရန်မခ ပြန်ရောက်လာတာကို သိပ်ဝမ်းသာနေတာ။ သူက စာပေကလပ်ထဲက အဖွဲ့ဝင်တွေအပေါ် သိပ်သံယောဇဉ်ရှိတယ်။ အထူး သဖြင့် ခင်ဗျားကို မိသားစုဝင်တစ်ယောက်လို သဘောထားတာ” ဆိုပြီး ပြောပါတယ်။ “ ခင်ဗျားထွက်ပြေးတဲ့အချိန်၊ ပစ်ခတ်ဖမ်းတယ်ဆီးတယ် သတင်းတွေကြားတော့၊ ထိုက်သူနိုင် ဘယ်ရောက်သွားပြီလဲ။ လွတ်ရဲ့လား၊ ဘာကြားသေးလဲဆိုပြီး စိုးရိမ်ပြီး ခဏခဏမေးတယ်” တဲ့။ ကျနော် ဆရာနိုင်ဝင်းဆွေကို မတွေ့တော့ပဲ ကိုတိုက်အောင်နဲ့ပဲ စကားတွေပြောဖြစ်သွားပါတယ်။ ခင်ဗျားပြန်ရောက်လာတာ ကျနော်သိပ်ဝမ်းသာတယ်ဆိုတာ တစ်ခွန်းနဲ့၊ မုန့်ဟင်းခါးစားသွားဖို့ပြောပြီး ဆရာနိုင်ဝင်းဆွေက အပြင်ကိုထွက်သွားလို့ အဲဒီနေ့က စကားဆက်မပြောဖြစ်ခဲ့ပါဘူး။

ဆရာက ဒီရက်ပိုင်း လူတွေနဲ့စကားသိပ်မပြောတော့ဘူးလို့ ကိုတိုက်အောင်က ပြောပါတယ်။ အားရင် တရားထိုင်နေတာ၊ သူ့ဘာသာသူ တစ်ယောက်တည်း လမ်းလျှောက်နေတတ်တာများတယ်တဲ့။ ခင်ဗျားပြန်ရောက်လာတယ်ကြားလို့ သူတွေ့ချင်လို့ဆိုပြီး တကူးတကခေါ်ခိုင်းတာ ပြန်တွေ့ချင်လို့ နှုတ်ဆက်ချင်လို့ခေါ်တာတဲ့၊ သစ္စာရီဗျုးအတွက် ဆောင်းပါးတွေရေးမယ်ဆို ရေးထားဖို့ပြောပါတယ်။ ခဏနေတော့ ကိုတိုက်အောင်ကိုနှုတ်ဆက်ပြီး ကျနော်လည်းပြန်ခဲ့ပါတယ်။ ဆရာနိုင်ဝင်းဆွေကိုတော့ လိုက်မရှာဖြစ်တော့ပါ။

နောက်ပိုင်း ဒေါင်းအိုးဝေ စာစောင်အတွက် စာမူစုဆောင်းတာ၊ ဒီမိုကရက်တစ်မြန်မာ့အသံအတွက် အသံသွင်းတာ၊ ABSDF စစ်မြေပြင် သတင်းထောက်အဖြစ် သွားလာသတင်းယူနေတာတွေကြောင့် သစ္စာရီဗျုးအတွက် စာတွေလည်းမရေးဖြစ်တော့ပါ။

တကယ်တော့ သစ္စာရီဗျုးမှာ ဆရာနိုင်ဝင်းဆွေရေးတဲ့ နိုင်ငံရေးစစ်တမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းမိတ်ဆက်များ ဆောင်းပါးတွေ တော်တော်များများ ကျနော်မဖတ်ဖြစ်လိုက်တဲ့ ဆောင်းပါးတွေ များပါတယ်။ ကျနော်က သူရေးနေကျ ဘဝသရုပ်ဖေါ်ဝထ္ထုတွေ၊ မသိန်းရှင်ဆီပို့ပေးပါလို၊ နွေတညလို ဘဝသရုပ်ဖေါ်ဝထ္ထုတွေကိုပဲ ရေးစေချင်ပါတယ်။

၁၉၉၃ ခုနှစ်၊ မေလလောက်မှာ ကျနော် မာနယ်ပလောကို ကျောခိုင်းခဲ့ပါတယ်။ ဘန်ကောက်မှာ ဒေါင်းအိုးဝေ စာစောင်အတွက် တာဝန်ယူလုပ်ကိုင်ဖို့သွားရင်း နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒီမိုကရက်တစ်မြန်မာ့အသံအတွက် အသံလွှင့်ဖို့ ကျနော်ကိုစေလွှတ်ပါတယ်။ အင်တာနက်နဲ့ လူမှုကွန်ရက်မရှိသေး၊ ဖုန်းပြောရင် တယ်လီဖုန်းခဈေးကြီးလို့ စက္ကန့်သုံးလေးဆယ်အတွင်း ပြီးအောင်ပြောရတဲ့အချိန်မှာ နိုင်ငံရေး၊ စစ်ရေး ယျေဘုရအခြေအနေတွေကလွဲလို့ ဆရာနိုင်ဝင်းဆွေအပါအဝင် မိတ်ဆွေတချို့အကြောင်း သတင်းတွေနဲ့ လပေါင်းများစွာ ကျနော်အလှမ်းဝေးနေခဲ့ပါတယ်။ ကိုငြိမ်းဝေ (ကဗျာ့အိုးဝေ) အော်စလိုရောက်လာမှ မာနယ်ပလောက သတင်းတွေ၊ မိတ်ဆွေတွေရဲ့ အကြောင်းတွေ မိုးလင်းမိုးချုပ်မေးရပါတယ်။ ဟဲ့ကောင်လေး အဲဒီအကြောင်း ငါပြောပြီးသားဆိုပေမဲ့ ထပ်ပြောပါအုံးဆိုပြီး အဝနားထောင်ရပါတယ်။ သိပြီးသားအကြောင်းအရာ တော်တော်များများ ဂျီတိုက်ပြီး ကိုငြိမ်းကို ပြန်ပြောခိုင်းရ အလွမ်းဖြေရပါတယ်။

ဆက်ပါဦးမယ်။

ထိုက်သူနိုင်
၂၀၂၆ ခုနှစ်၊ ဧပြီလ
ယနေ့ခတ်

နိုင်ဝင်းဆွေဆီ ပို့ပေးပါ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.