ရန်ကုန်၊ ဧပြီ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့တို့တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၉ ရက်၊ နံနက် ၁၀ နာရီကျော်က ပုဏ္ဏားကျွန်းနှင့် မြောက်ဦး၊ ကျော်တော်တို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး၊ စစ်တွေ-ကျေက်တော်အမြန်လမ်းနှင့်၊ ဓာတ်အားခွဲစက်ရုံ ပျက်စီးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ပုဏ္ဏားကျွန်းမြို့ထဲက ရေဖြူကန်နားကို ဗုံးကျတာ။ ဒေသခံတွေရဲ့နေအိမ် ၁၀ လုံးကျော်လောက် ပျက်စီးသွားတယ်။ ပြီးတော့ ပုဏ္ဏားကျွန်းမြို့ထဲကပဲ ဓာတ်အားခွဲစက်ရုံက မီးစက်တွေအကုန်လုံး မီးလောင်သွားတွေရှိတယ်။ နောက်တစ်ခုက အမြန်လမ်းမကြီးပေါ့ အမြန်လမ်းမကြီးဆို ပြတ်ထွက်သွားတာ။ လူထိခိုက်မှုကတော့ ပွန်းပဲတာနှစ်ယောက်တော့ရှိပါတယ်။” ဟု ပုဏ္ဏားမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ကျောက်ဆည်ပြင်ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၂ ရက်၊ နေ့လည် ၂ နာရီကျော်က ကျောက်တော်မြို့၊ ပီချောင်းဒေသတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအချို့ ဗုံခိုကျင်းထဲ ဝင်ရောက်ပုန်းခိုနေရကြောင်း သိရသည်။
“ဗုံကတော့ ပီချောင်းဘက်ကိုကျတာ။ ဗုံးကလေးလုံးချတာ။ ကျောက်တော်ဘက်မှာလည်း လေယာဉ်ကပျံနေတာ။ မြို့ကိုပတ်ပြီး တဝဲလည်လည်နဲ့ ပျံနေတာ။ မနေရဲကြတော့ဘူး။ အိမ်ထဲမနေရဲကြတာနဲ့ ဗုံးခိုကျင်းထဲဝင်ပြေးကြရတယ်။” ဟု ကျောက်တော်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၉ နာရီကျော်ကလည်း ကျောက်တော်မြို့၊ ပိုက်သယ်ရပ်ကွက်နှင့် မြောက်ဦးမြို့အတွင်း စစ်ဘေးရှောင်များနေထိုင်သည့် အလယ်စျေးရပ်ကွက်တို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ခုနှစ်ဦးသေဆုံးခဲ့ပြီး၊ ၁၀ ဦးကျော် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်ကလည်း ပုဏ္ဏားကျွန်းမြို့၊ ယိုးငူကျေးရွာစျေးတန်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကလေးငယ်အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး၊ ၂၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်
ယနေ့ခေတ်
ရခိုင်ပြည်နယ်နေရာအချို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်းပျက်စီး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်