ရန်ကုန်၊ ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်များ၏ နေအိမ်အချို့ ပျက်စီးခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။
ဧပြီလ ၂၉ ရက်၊ ညနေ ၅ နာရီခန့်က ပုဏ္ဏားကျွန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး၊ လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်များ၏နေအိမ် ၁၀ လုံး ကျော် ပျက်စီးသွားခဲ့ပြီး၊ အကူအညီများလိုအပ်နေကြောင်း သိရသည်။
“စစ်ရှောင်တွေရဲ့နေအိမ်တွေ ပျက်စီးတာဆိုတော့ ပိုဆိုးတာပေါ့နော်။ အခုတော့ လိုအပ်နေတာ အမိုးအကားတွေနဲ့ စားနပ်ရိက္ခာတွေပါ။ နေအိမ်ဆိုရင် ၁၀ လုံးကျော်မယ်။ အိမ်တွေက အစအဆုံးပြန်ပြင်ရမှာပါ။ မိုးတွင်းကာလဆိုရင် စစ်ဘေးရှောင်တွေအတွက်က အလုပ်တွေလည်း ခက်ခဲကြတယ်။ အခုလို နေအိမ်တွေပြိုလဲတော့ ပိုဆိုးတာပေါ့။ ပြင်ဆင်စရာစရိတ်တွေလည်း မရှိကြပါဘူး။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးသည်းထန်စွာရွာသွန်ခဲ့ပြီး လေပြင်းတိုက်ခတ်ခြင်းများကြောင့် ပြိုကျပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်မြို့ စစ်ဘေးရှောင်များ၏ နေအိမ်များကို ဒေသခံလူမှုကူညီရေးအသင်းများ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဧပြီလ ၃၀ ရက်၊ နေ့လည် ၂ နာရီအတွင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ မာန်အောင်နှင့် သံတွဲမြို့များအနီးတွင် အလွန်အားကောင်းသော မိုးတိမ်တိုက်ကြီး (Storm System) တစ်ခု သည် ပင်လယ်ပြင်တွင်တည်ရှိနေပြီး ကုန်းတွင်းပိုင်းသို့ဦးတည်နေကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လပိုင်က ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့တို့ရှိ ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများမြင့်တက်လာမှုကြောင့် နေအိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဒေသခံ
ယနေ့ခေတ်
ပုဏ္ဏားကျွန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်များ၏ နေအိမ်အချို့ ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်