မုန်းမြို့တွင် မိန်းကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်တစ်ဖက်ပြတ်တောက်ခဲ့

ရန်ကုန်၊ မတ် ၃

ပဲခူးတိုင်း၊ မုန်းမြို့တွင် မိန်ကလေးတစ်ဦး ဥယဉ်ခြံထဲတွင် ဟင်းသီးဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။

မတ်လ ၂ ရက်၊ နံနက် ၈ နာရီက၊ မုန်းမြို့ (၄) ရပ်ကွက်တွင် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ဥယဉ်ခြံထဲတွင် ဟင်းသီးဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိကာ ညာဖက်ခြေထောက်ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။

“ဥယဉ်ခြံထဲမှာ ဟင်းသီးဟင်းရွက်သွားခူးတာ။ သွားရင်းနဲ့ မြေမြှုပ်မိုင်းနင်းမိတာ။ ညာခြေထောက်တစ်ဖက် ပြတ်သွားတယ်။ မျက်လုံးလည်းထိသွားတယ်။ လက်လည်းထိသွားတယ်။ အသက်ကတော့ ၁၃ နှစ်ရှိပြီ။ ကလေးက Grade 8 ဖြေထားတာ။ အခုကျောင်းဖွင့်ရင် Grade 9 တက်ရမှာ။ ကလေးကသွားနေကျ ခြံထဲကို အမေနဲ့လိုက်သွားတာ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာရရှိသွားသည့် မိန်းကလေးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Save The Trees Rescue Team မှ တောင်ငူဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကလည်း ပဲခူးမြို့နယ်၊ မုန်းမြို့နှင့် ရေတာရှည်မြို့နယ်၊ ရေငံကျေးရွာတို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် မြေမြှုပ်မိုင်းကြောင့် ကိုယ်ဝန် ဆောင်နှင့် ကလေးငယ်အပါအဝင် ဒဏ်ရာသူ ငါးဦးရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်လက်နက်အကြွင်း အကျန်များဖြစ်သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးသူ လူဦးရေ ၂၀၀၀ ကျော်အထိရှိခဲ့ကြောင်း UN OCHOR Myanmar က ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်တွင် ထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံအဖြစ် နှစ်နှစ်ဆက်တိုက် မှတ်တမ်းဝင်ခဲ့ပြီး၊ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီး၊ အမျိုးသားနှင့် ကလေးငယ်များ၏ အသက်အိုးအိမ်စည်းစိမ်များမှာ နေ့စဉ်နဲ့အမျှ ထိခိုက်ဆုံးရှုံးနေရ ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-Save The Trees Rescue Team
ယနေ့ခေတ်

မုန်းမြို့တွင် မိန်းကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်တစ်ဖက်ပြတ်တောက်ခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.