ထိုက်သူနိုင်
၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့
ပြတင်းပေါက်ကနေ နှင်းတွေ တဖွဲဖွဲကျနေတာကိုကြည့်ရင်း မာနယ်ပလောရဲ့ စစ်သတင်းတွေ ရသလောက် ကျနော်တို့နားထောင်နေပါတယ်။
အီးမေးမပေါ်သေးတဲ့အချိန်၊ အင်တာနက်မပေါ်သေးတဲ့အချိန်မို့ ထိုင်းဘက်က ဖုန်းလာတာကိုစောင့်ရင်း ဘယ်သူတွေကျဆုံးသွားပြီ၊ ဘယ်စခန်းတွေ ထိုင်းဘက်ကိုရွေ့ကြပြီ စတဲ့သ တင်းတွေကို နားထောင်ရင်း ခင်မင်ရင်းနှီးတဲ့ ရဲဘော်ရဲဘက်တွေ ဘေးကင်းစေဖို့ ဆုတောင်းနေရပါတယ်။ ညကတော့ အော်စလိုမြို့ နော်ဝေပါလီမန်ရှေ့မှာ ထိုင်းနယ်စပ်က ရဲဘော်တွေအတွက် ဖရောင်းတိုင်မီးထွန်း ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။ အဝေးရောက်သွားတဲ့သူတွေအဖို့ တောက်ခေါက်တာနဲ့ ဆုတောင်းတာပဲ အကောင်းဆုံးလုပ်နိုင်တော့တဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။
၁၉၉၅ ခုနှစ်၊ ဇန္နဝါရီလနောက်ဆုံးပတ်မှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ဌာနချုပ် မာနယ်ပလောကို မြန်မာစစ်တပ်ကသိမ်းပါတယ်။ ဆရာနိုင်ဝင်းဆွေကျန်ခဲ့တဲ့ ဟွေးဖေါလူရွာကတဲလေး မီးခိုးငွေ့တွေကြားမှာ ပြာကျသွားပြီဆိုတဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုကို နောက်လအနည်းငယ်အကြာမှာ သိရပါတယ်။ ငှက်ဖျားရောဂါဒဏ်ခံစားရင်း၊ စိတ်ကျန်းမာရေးပါ ချို့ယွင်းလာပြီးတဲ့နောက် သူ့ကိုလေးစားတန်ဖိုးထားသူတွေကိုပါ လက်ခံစကားမပြောတော့ဘူးဆိုတဲ့သတင်းတွေ စောစောပိုင်းကတည်းက ကြားနေခဲ့ပါတယ်။ ကျန်း မာရေးမကောင်းဘူး၊ စိတ်ကျန်းမာရေးပါ ချို့ယွင်းလာပုံရတယ်။ သူ့ကို ဘယ်သူမှခေါ်လို့မရဘူး။ ဟွေးဖေါလူမှာ ကျန်ခဲ့တယ်ဆိုတဲ့သတင်းက နောက်ဆုံးပါပဲ။ နောက်ဆုံးတော့ ကျဆုံးသွားပြီးဆိုတဲ့ သတင်းကပဲ အတည်ဖြစ်ခဲ့ပါတယ်။
ဝီကီပီးဒီးယားမှာတော့ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မာနယ်ပလောဌာနချုပ်အနီး ဟွေးဖောလူရွာမှာ သူကျဆုံးသွားခဲ့တယ်လို့ မှတ်တမ်းတင်ပါတယ်။ သူ့အလောင်းကို မြေမြုပ်ချိန်မရတော့တဲ့အတွက် အသက်မဲ့တဲ့ခန္ဓာကိုယ်ပေါ်မှာ တော်လှန်ရေးရဲဘော်တချို့ တောပန်းပွင့်တွေ ဖုံးပေးခဲ့တယ်လို့ ရေးပါတယ်။ ရှင်သန်ရပ်တည်ရေး၊ ခုခံရေးစစ်ပွဲကြားမှာ ဘဝတစ်ခုလုံးကို ကျောပိုးအိတ်ထဲထည့် အားလုံးခရီးဆက်ကြရတဲ့အချိန် တောပန်းတွေဖုံးပေးခဲ့ကြတာကို ကျေးဇူးတင်မိပါတယ်။ နောင်သိပ်မကြာခင် လပိုင်းတွေမှာ သူနဲ့အတူနေတဲ့ ကဗျာဆရာ ကိုတိုက်အောင်လည်း သူ့ကိုယ့်သူ အဆုံးစီရင်သွားတဲ့ သတင်းဆိုးတစ်ပုဒ်ကို ကြားရပြန်ပါတယ်။ လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ စစ်ပွဲတွေကြားမှာ လူတွေအ သက်မရှည်ခဲ့တာ အံဩစရာတော့ မဟုတ်ပါဘူး။
အနှစ် ၃၀ ကျော်ခဲ့ပါပြီ။ ကျနော်အမေရိကန်ပြည်ထောင်စုကိုရောက်တာ အနှစ် ၃၀ ရှိသွားပါပြီ။ နယ်စပ်ကအကြောင်းအရာတချို့ ပြန်တွေးလိုက် မေ့သွားလိုက်နဲ့ သတိရသလောက်ချရေးဖို့ ပျက်ကွက်သွားတဲ့နှစ်တွေ အများကြီးရှိသွားပါပြီ။ တကယ်တမ်းကျ နှစ်တွေကြာတဲ့အခါ လူတစ်ယောက်ကျဆုံးသွားတဲ့ နေရာကို မှတ်မိဖို့နေနေသာသာ ပျောက်ဆုံးသွားတဲ့ ရွာတွေကိုတောင် နယ်စပ်ပြန်ရောက်ရင် လက်ညှိုးနဲ့ရမ်းထိုးနေကြရတာပါ။ ဆရာနိုင်ဝင်းဆွေ ကျဆုံးသွားတဲ့နေရာကို မှတ်မှတ်ထင်ထင် ပြောပြနိုင်တဲ့သူ ရှိချင်မှရှိတော့မှာပါ။
သူရေးခဲ့တဲ့ ငွေ ရွှေ ရတု ကဗျာလေးကိုတော့ ကျနော် မကြာခဏဆက်ဖတ်ဖြစ်ပါတယ်။
“ ၁၉၈၆
ကလောင်နှစ် နှစ်နှစ်ဆယ်
ပထမအရွယ်နေ့
ကျနော့်ရွှံ့အိမ်ဖြူလေးရဲ့ နံရံထက်မှာ
ကျနော်က
ဟင်အင်း … ညီအကိုတို့
‘အာဏာ
ငွေ
ကျော်ဇောခြင်း နှင့်
ရောင်းဝယ်ခြင်း မပြုမှသာ
‘အနုပညာရဲ့ တြိသီလတရား လို့
ကျနော် ကိုးကွယ်ထားတယ် ။
ဟုတ်တယ် … ညီအကိုတို့
တဂိုးရဲ့တရား တဂိုးရဲ့စကား တဂိုးရဲ့ အနုပညာနှလုံးသား
ကျနော် ကိုးကွယ်ထားတယ်။
‘ဘင်္ဂလားပြည်ရဲ့ ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူး တဲ့
‘ဟုတ်တယ် … ညီအကိုတို့
တကယ်လို့ နောင်ဘဝမှာ
လူပြန်လာဖြစ်ခဲ့ရင်လည်း
ကျနော်လည်းလေ …
လုံမလေးတွေ ထောပတ်မွှေရာ
ဘရိန္တာ တောအုပ်ထဲက
သော်ကပင်ရိပ်အောက်မှာ
ပုလွေကြူအေး
လောကအတွက်တေး
သီကုံးပေးနေတဲ့
နွားကျောင်းသားလေးပဲ ဖြစ်ချင်တယ်။
မနှစ်ကတော့
ဖလံတောင်ဝှေးများ ဖြစ်ထွန်းရာ တိုင်းပြည်မှာ
မာနယ်ပလောရဲ့သောင်ရင်းမြစ်ကမ်းမှာ
နွားကျောင်းသားလေးများ ဖွားသန့်စင်ရာ
စာသဘင်တေးကို သီကျွေးတဲ့အခါ
တေးလေးတပိုဒ်
ကျနော် ရေးလိုက်ဖူးရဲ့။
သဲကန္တာရ မုန်တိုင်းထဲမှာ
နိုင်ငံရေးသမားအိုဟာ
တောင်ဝှေးကို ထောက်ကိုင်လို့
ဖယိုဖရဲ အပြိုပြို အကွဲကွဲ လူအုပ်ကြီးကို
(တချို့က နောက်ပြန်ပြေးနေရဲ့
တချို့က လူးလှိမ့် ငိုကျွေးရင်း မြေပြင်ပေါ်မှာ
တချို့က ခိုလို ညည်းတွားလို့
တချို့က မျက်စိစုံ မှိတ်ရင်း
အားတင်း သီချင်းအော်ဟစ်လို့
တချို့က ဒေါသ ပေါက်ကွဲနေ
တချို့က တချို့ကို အတွင်းဆွဲထူ
တချို့က တချို့ကို အားပေး
ကိုယ့်ကိုကိုယ်လည်း အားပေးလို့
တည်ငြိမ်ရင့်ကျက်တဲ့
သူရဲကောင်းတွေလည်း များစွာပါရဲ့။)
သူတို့ကို တဖြည်းဖြည်း စောင့်ခေါ်ရင်း
အဖိုးအိုဟာ မောပန်း နွမ်းလျနေလေရဲ့
မုန်တိုင်းထဲမှာ …
အဲသည်အခိုက်မှာ
ဓားဝင့်လိုက်တဲ့ တကိုယ်တော်သမားဟာ
လျှပ်စစ်မီးများနဲ့ ရောထွေးယှက်နေတဲ့ မုန်တိုင်းထဲမှာ
သူ့မြင်းကို ဇက်ကုန်လွှတ် ကဆုန်စိုင်းလို့
လူတွေ မမြင်တွေ့နိုင်သေးတဲ့
ဟိုးအဝေးက အနာဂတ်ဆီ
ဖြတ်ချီသွားလေရဲ့ …
ရှေ့ဆုံးများရဲ့ ရှေ့ဆုံးကလူ
သူ အနုပညာသမား ပေါ့။
အနုပညာဘုံမှာ
သောခြင်းကင်းစွာ ဇရာမရှိ
ထာဝရနုပျို
စိမ်းစိုနေတဲ့ အလှနဲ့သစ္စာ
ပရမတ္တအချစ် နဲ့ ရွှန်းသစ်မှု …
အော် … ….
ကျနော်ရဲ့ အနုပညာတောင်မှ ငွေရတုမြောက်ခဲ့ရပါပေါ့ …
သည်နေ့မှာ …
‘သန်းဆွေ၊ ခင်နှင်းယု
မင်းသုဝဏ်၊ မင်းဏီ
မမလေး(ဂျာနယ်ကျော်)
ကျနော့်ရဲ့ တေးသမားဘဝကို
မွေးဖွားသန့်စင်ပေးခဲ့သူ
ဆရာအဆူဆူ နဲ့ ဟဲမင်းဝေး အား
နှလုံးသားမှ မြတ်နိုး
ရိုကျိုး မာန်လျှော့ ဖြေလျှော့
ကျနော် ကန်တော့၏။
အော် …
ကျနော်တောင်မှပဲလေ
ရတုမြစ်ရဲ့ ပျိုမြစ်စိမ်းလန်းမှု
ငွေသားထု ပြင်ကျယ်ထက်မှာ
(ဘယ်လောက်များ လှပ တောက်ပနေလိုက်ပါသလဲ။)
အရွယ်ရဲ့ ငြိမ်သက်မြဲမြံမှု
ရွှေနေခြည်များ ဆွတ်ဖျန်းထားလိုက်ပေါ့။”
ငွေ ရွှေ ရတု (နိုင်ဝင်းဆွေ) ကဗျာထဲမှ
တကယ်လို့ နောင်ဘဝမှာ လူပြန်လာဖြစ်ခဲ့ရင်၊ အနုပညာဘုံမှာ သေခြင်းကင်းစွာ ဇရာမရှိ ထာဝရနုပျိုစိမ်းစိုနေတဲ့ အလှသစ္စာတွေနဲ့ ရှင်သန်ပြီး စာတွေရေးနိုင်ပါစေလို့ ကျနော်ဆုတောင်းမိပါတယ်။ ကျနော် သူ့ကို မသိန်းရှင်ဆီပို့ပေးပါလို၊ နွေတညလို ဝထ္ထုတွေရေးတဲ့ စာရေးဆရာတယောက်ပဲ ပြန်ဖြစ်စေချင်ပါတယ်။
အဲဒီ ဝထ္ထုတွေနဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ဘဝက သူရေးခဲ့တဲ့ နိုင်ငံရေးစစ်တမ်းတွေထက် ကျနော့နှလုံးသားထဲမှာ စူးဝင်ခဲ့ပါတယ်။
ထိုက်သူနိုင်
၂၀၂၆ ခုနှစ်၊ ဧပြီလ
ယနေ့ခေတ်
နိုင်ဝင်းဆွေဆီ ပို့ပေးပါ (၂) အတွက် မှတ်ချက်များ 0 ခုရှိပါတယ်