ဖားကန့်မြို့နေရာအချို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အအုံအချို့ပျက်စီး ဟုဆို

ရန်ကုန်၊ မတ် ၈

ကချင်ပြည်၊ ဖားကန့်မြို့နေရာအချို့တွင် ယနေ့နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၈ ရက်၊ နံနက်ပိုင်းမှစ၍ ဖားကန့်မြို့၊ မှော်စီစာ၊ လုံးခင်ကျေးရွာအုပ်စုနှင့် ကုဋေကျေးရွာဘက်တို့တွင် လေကြောင်းတိုက်မှုများကြောင့် စျေးဆိုင်ခန်းနှင့် နေအိမ်အဆောက်အ အုံအချို့ ပျက်စီးခဲ့ပြီး၊ ဒဏ်ရာရရှိသူအချို့လည်းရှိခဲ့ကြောင်း သိရသည်။

“ဒီကနေမနက်ကတော့ လေကြောင်းက ခဏခဏဆိုသလို ကြမ်းတယ်ပြောရ မယ်။ မှော်စီစာဘက်မှာဆို ဆိုင်တွေနဲ့ နေအိမ်တွေကိုမှန်လို့ မီးလောင်ပျက်စီးတာတွေရှိတယ်။ မနက် ၇ နာရီလောက်ထဲက လေယာဉ်ကဝဲနေတာ ၁၀ နာရီကျော်မှာလည်းချတယ်။ နေလည်ဘက် ၁၂ နာရီကျော်လောက်က လုံးခင်းနဲ့ မှော်စီစာလမ်းနဲ့ ကုဋေဘက်ကလမ်းဆုံကို ချသွားတာကြောင့် ပျက်စီးတာတွေများတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတော့ရှိတယ်။ ဘယ်နှစ်ဦးဆိုတာတော့ သေချာမသိရဘူး။” ဟု မြို့ခံတစ်ဦးက ယနေေ့ခတ်သို့ ပြောသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အစိုးရတပ်နှင့် KIA ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် စစ်ရှောင်သူအချို့လည်း ရှိလာကြောင်း သိရသည်။

“ဒေသခံတွေကတော့ ရှောင်တဲ့သူတွေလည်း ရှောင်ကြပြီပေါ့နော်။ တချို့လည်းခက်ခက်ခဲခဲရှောင်ဖို့ အဆင်မပြေသေးတာတွေလဲရှိနေသေးတယ်။ အနေအထားက လက်ရှိကတော့ မြို့ပြတိုက်ပွဲဖြစ်နေတဲ့သဘောပေါ့။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံခင်းဘက်တွင် အပြန်အလှန်ပစ်ခက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ရှောင်ရန်အခက်အခဲရှိနေသူများလည်းရှိနေကြောင်း သိရ သည်။

“လုံးခင်းဘက်ကတော့ ပစ်ခတ်သံတွေ နေ့တိုင်းကြားရတယ်။ အပြန်အလှန်တော့ပစ်နေကြတယ်။ လေကြောင်းကနေလည်းလာတယ်။ လေကြောင်းရန်ကတော့ ရှောင်ဖို့ခက်တယ်။ ဖြစ်နိုင်ရင်တော့ ရှောင်နေကြတာပိုကောင်းမယ်လို့ထင်တယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဖားကန့်မြို့တွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူနှင့် သေဆုံးသူများလည်းရှိလာကြောင်း ဒေသအတွင်းသတင်းများအရ သိရသည်။

ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း၊ ဖားကန့်မြို့၊ ဆိပ်မှုကြီးကျေးရွာ၊ မရှီကထောင်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာတို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မိုင်းထိမှန်သူနှင့် လက်နက်ကြီးကျည်ပေါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးထက် မနည်းရှိခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အစိုးရတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပေါ်‌ခဲ့ခြင်းကြောင့် ဒေသအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိပြီး၊ ဒဏ်ရာရရှိသူ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဒေသခံ
ယနေ့ခေတ်

ဖားကန့်မြို့နေရာအချို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အအုံအချို့ပျက်စီး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.