သန်လျင်မြို့နယ်တွင် လူငယ်နှစ်ဦး ရေနစ်သေဆုံး

ရန်ကုန်၊ မတ် ၁၁

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် လူငယ်ခြောက်ဦး ရေဆင်းကူးရာမှ နှစ်ဦးရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ ရက်၊ ညနေ ၆ နာရီခန့်က သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ် (၄) (ကန်နီရေကန်) တွင် လူငယ်ခြောက်ဦး ရေဆင်းကူးရာမှ နှစ်ဦးရေနစ်နေသေဆုံးသွားခဲ့ကြောင်း သိရသည်။

“မွေးနေ့သွားတာ။ သူငယ်ချင်းခြောက်ယောက်။ မုန့်သွားစားမယ်ဆိုပြီး ထွက်သွားတာတဲ့။ စက်ကန်မှာရေသွားကူးတာ။ နှစ်ယောက်ကနစ်သွားတယ်။ အဲ့ထဲမှာ အကိုတို့အသင်းသားရဲ့တူတစ်ယောက်ပါတယ်။ အဲ့မှာကောင်လေးက ဖုန်းဆက်မှသိလို့သွားတာ။ ကလေးတွေကသူငယ်ချင်းတွေဆိုပေမဲ့ တစ်ယောက်တစ်နေရာစီနေတာ။ နန့်သာကုန်းမှာနေတဲ့ကလေးကို တစ်ယောက်ကသွားဆယ်ရင်းနဲ့နစ်တာ။ အဲ့ကလေးရဲ့မိဘတွေက အရင်ရောက်နေတယ်။ နောက်တစ်ယောက်ရဲ့မိဘတွေက ဖုန်းဆက်လို့တော့မရဘူး။” ဟု လောကအလင်း လူမှုကူ ညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရေနစ်သေဆုံးသွားသည့် လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို နယ်မြေခံမီးသတ်တပ်ဖွဲ့မှ ရှာဖွေရေးများလုပ်ဆောင်ခဲ့ပြီး၊ စကားဝါလူမှုကူညီရေးအသင်းနှင့် လောကအလင်းလူမှုကူညီရေးအသင်းတို့မှ လူတင်ယာဉ်များဖြင့် သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလာတူ မတ်လ ၁၀ ရက်၊ နံနက် ၁၁ နာရီကျော်ကလည်း၊ လွိုင်ကော်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာရှိ သဲချောင်းတွင်း လူငယ်ခြောက်ဦး ရေဆင်းကူးရာမှ ယောင်္ကျားလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၁၁ ရက်၊ ညနေပိုင်းကလည်း ဘားအံမြို့၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူအနီး၊ သံလွင်မြစ်အတွင်း အသက် ၁၀ နှစ်ကျော် ယောင်္ကျားလေးနှစ်ဦး ရေဆင်းချိုးရာမှ ရေ နစ်သေဆုံးသွားသည့်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

သန်လျင်မြို့နယ်တွင် လူငယ်နှစ်ဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.