မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ ဒဿမ ၄ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ် ရင်ဆိုင်နေရ ဟုဆို

ရန်ကုန်၊ မတ် ၂၀

မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ တစ်နိုင်ငံလုံးအနှံ့ ၁၈ ရာ ခိုင်နှုန်းအထိ မြင့်တက်လာခြင်းကြောင့် လူဦးရေ ၁၂ ဒဿမ ၄ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရကြောင်း UN WFP ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

လူဦးရေ ၃ ဒဿမ ၇ သန်းမှာလည်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များလည်း ကုန်စျေးနှုန်းမြင့်တက်သည့်ဒဏ်ကို ခံစားနေရပြီး မိသားစုများ ခက်ခက်ခဲခဲရုန်းကန်ရှင်သန်ရကြောင်း သိရသည်။

“အခုချိန် ကိုယ့်မြေ ကိုယ့်နေရာကိုပြန်ရောက်ဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်။ စစ်ရှောင်ရင် စျေးရောင်း၊ အိမ်ငှါးနဲ့ ဝင်ငွေလောက်အောင် နေထိုင်နေရတာ ကိုယ့်မြို့မဟုတ်တဲ့နေရာဆိုတော့ အတော်အခက်ခဲပါတယ်။ ဝတ်ဖို့ထက် နပ်မှန်ဖို့ကို ဦးစားပေးနေရတဲ့အခြေနေတွေပါ။ ကိုယ်မြေမှာဆို အသီးအရွက်က ပြောစရာမလိုအောင် ခြံထဲဆင်းလိုက်ရုံပါ။ အခုတော့ အစအစအရာရာ စျေးတွေကြီးထဲကြားက ဝယ်ယူစားသောက်နေရတာလည်း မလွယ်ပါဘူး။” ဟု ဗန်မော်မြို့မှ စစ်ဘေးရှောင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ မကွေးတိုင်းဒေသကြီးတွင်(၃၈%)၊ ကရင်ပြည်နယ်တွင်(၃၂%)နှင့် ရခိုင်ပြည်နယ်တွင်(၃၁%)အထိ အသီးသီးမြင့်တက်နေကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်က ဥရောပသမဂ္ဂနှင့် WFP တို့က မြန်မာနိုင်ငံတွင် အရေးပေါ်လိုအပ်နေသည့် စားနပ်ရိက္ခာများနှင့် အာဟာရအထောက်အပံ့များကို ပေးအပ်နိုင်ရန် ယူရို ၈ သန်း ကူညီထားသည်ဟု ထုတ်ပြန်ထားသည်။

EU ၏ အရေးပါသည့် ထောက်ပံ့မှုမှတစ်ဆင့် WFP သည် ပဋိပက္ခများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာရသည့် စစ်ဘေးရှောင်များ စီးပွားရေးအခက်အခဲများကြောင့် ပိုဆိုးရွားလာသည့် စားနပ်ရိက္ခာအခက်အခဲများကို အကူအညီများပေးအပ်သွားမည်ဟု World Food Programme ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအပြင် ကလေးငယ်များအတွက်လည် အာဟာရများကူညီထောက်အပံ့ပေးအပ်သွားမည်ဟု သိရသည်။ ထို့အပြင် စားနပ် ရိက္ခာဖူလုံရေးအတွက် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုများ မြှင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-World Food Programme
ယနေ့ခေတ်

မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ ဒဿမ ၄ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ် ရင်ဆိုင်နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.