ရန်ကုန်၊ မေ ၂၃
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇလပ်ထော်ရေလှောင်တမံတွင် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူသုံးဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
မေလ ၂၂ ရက်၊ နေ့လည်ပိုင်းက ပဲခူးမြို့၊ ဇလပ်ထော်ရေလှောင်တမံတွင် အသက် ၁၀ နှစ်ကျော်ဝန်းကျင်ရှိ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူသုံးဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ရေဆင်းကူးတာ ဇလပ်ထော်ရေလှောင်တမံမှာ မိန်းကလေးသုံးယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်။ အသက်တွေက ၁၀ နှစ် နှစ်ယောက်၊ ၁၁ နှစ် တစ်ယောက်နဲ့ ၁၃ နှစ် တစ်ယောက်။ မိန်းကလေးသုံးယောက်က ကိုယ်ပိုင်ကျောင်းကတော့မဟုတ်ဘူး။ ပဲခူးမြို့ အ.ထ.က ကျောင်းတွေကပါ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရေနစ်သေဆုံးသွားသည့် မောင်ဖြိုးဇာနည်လင်း အသက်(၁၀)နှစ်၊ Grade-4၊ EC- ကိုယ်ပိုင်ကျောင်း။ မပိုးဝတီ (၁၁) နှစ်၊ Grade-5 (အ.လ.က-၈)။ မစုပုံချစ် (၁၃) နှစ်၊ Grade-6 (အ.လ.က-၁၀)၊ မသဒ္ဒါရွှန်းလဲ့ (၁၀) နှစ်၊ Grade-4 (အ.ထ.က-၁)စသည့် အတန်းများတွင်တက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်း သိရသည်။
ဇလပ်ထော်ရေလှောင်တမံတွင် ရေနစ်သေဆုံးသွားသည့် ၎င်းတို့လေးဦး၏ ရုပ်အလောင်းများကို နယ်မြေခံပရဟိတအသင်းမှ ပဲခူးဆေးရုံကြီးသို့ ကူညီပို့ ဆောင်ပေးခဲ့ကြောင်း သိရ သည်။
မေလ ၁၁ ရက်၊ ညနေ ၆ နာရီခန့်ကလည်း သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်) တွင် လူငယ်ခြောက်ဦး ရေဆင်းကူးရာမှ နှစ်ဦးရေနစ်နေသေဆုံးသွားခဲ့ကြောင်း သိရသည်။
အလာတူး မေလ ၁၀ ရက်၊ နံနက် ၁၁ နာရီကျော်ကလည်း၊ လွိုင်ကော်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာရှိ သဲချောင်းတွင် လူငယ်ခြောက်ဦး ရေဆင်းကူးရာမှ ယောင်္ကျားလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ဧပြီလ ၁၁ ရက်၊ ညနေ့ပိုင်းကလည်း ဘားအံမြို့၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူအနီး၊ သံလွင်မြစ်အတွင်း အသက် ၁၀ နှစ်ကျော် ယောင်္ကျားလေးနှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ မေလအတွင်း တိုင်းနှင့် ပြည်နယ်အချို့တွင် ကျောင်းသား၊ ကျောင်းသူများ ရေနစ်သေဆုံးမှု မကြာခဏဖြစ်ပွားနေပြီး၊ ရေနစ်သေဆုံးသူ ၁၀ ဦးမနည်းရှိလာခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ကိုထွဋ်ပရဟိတ
ယနေ့ခေတ်
ပဲခူးမြို့တွင် ကလေးငယ်လေးဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်