အီရန်စစ်ပွဲကို အဆုံးသတ်ရန် တွန်းအားပေးသည့်အနေဖြင့် ပါကစ္စတန်စစ်ဘက်အကြီးအကဲ တီဟီရန်သို့ ရောက်ရှိ

တီဟီရန်၊ မေ ၂၃

ပါကစ္စတန်၏ဩဇာကြီးမားသော တပ်မတော်အကြီးအကဲသည် သောကြာနေ့တွင် တီဟီရန်သို့ရောက်ရှိလာသည်။ အစ္စလာမ်သမ္မတနိုင်ငံသည် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံး သတ်ရန် အမေရိကန်၏အဆိုပြုချက်အသစ်ကို ဆန်းစစ်နေစဉ် အစ္စလာမာဘတ်က ကြားဝင်စေ့စပ်ပေးခဲ့သည်။

သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘက်ကာအီက ယခုခရီးစဉ်သည် “ကျွန်ုပ်တို့ အလှည့်အပြောင်း သို့မဟုတ် အဆုံးအဖြတ်ပေးသည့် အခြေ အနေသို့ ရောက်ရှိနေပြီ” ဟု မဆိုလိုကြောင်း ပြောကြားသည်။

အီရန်နှင့် အမေရိကန်ပြည်ထောင်စုအကြား သဘောထားကွဲလွဲမှုများသည် “နက်ရှိုင်းပြီး ကျယ်ပြန့်” ကြောင်း အီရန်၏ ISNA သတင်းဌာနမှဖော်ပြသော ကိုးကားချက်တွင် ၎င်းက ထပ်လောင်းပြောကြားသည်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကိုတိုက်ခိုက်မှုများ စတင်ခဲ့ချိန်တွင် စစ်ပွဲကိုအဆုံးသတ်ရန် တိုးတက်မှုအတွက် မျှော်လင့်ချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုသည် ယခင်က ထုတ်ဖော်ပြောကြားခဲ့သည်။

ဧပြီလ ၈ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးသည် ပဋိပက္ခကိုရပ်တန့်စေခဲ့သော်လည်း အစ္စလာမာဘတ်တွင်ကျင်းပသော သမိုင်းဝင်မျက်နှာချင်းဆိုင်ဆွေးနွေးပွဲများအပါအဝင် ညှိနှိုင်းကြိုးပမ်းမှုများသည် ကြာရှည်ခံသောသဘောတူညီချက်ကို မရရှိခဲ့ပါ။

သမ္မတ ဒေါ်နယ်ထရမ့်၏ ယခင်မှတ်ချက်များတွင် စစ်ပွဲကို အပြီးအပိုင်အဆုံးသတ်ရန် ရက်သတ္တပတ်များစွာကြာ ရပ်တန့်နေသောဆွေးနွေးမှုများသည် သဘောတူညီချက်နှင့် ပြန်လည်တိုက်ခိုက်မှုများကြားနယ်နိမိတ်တွင် ယိမ်းယိုင်နေကြောင်း အကြံပြုထားသည်။

ပါကစ္စတန်စစ်တပ်က အာဆင်းမူနီယာသည် “ကြားဝင်စေ့စပ်ရေးကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တီဟီရန်သို့ ရောက်ရှိလာခဲ့သည်” ဟု ကြေညာချက်တစ်စောင်တွင် ပြောကြားသည်။

အီရန်ပြည်ထဲရေးဝန်ကြီး အက်စကန်ဒါ မိုမီနီနှင့် ပါကစ္စတန်သမ္မတ မိုဆင်နာ့ဂ်ဗီတို့က ကြိုဆိုခဲ့ကြောင်း ဖော်ပြထားသည်။

နာ့ဂ်ဗီသည် ဗုဒ္ဓဟူးနေ့တွင် တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် အီရန်သို့သွားရောက်ခဲ့ပြီး သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်နှင့် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီတို့နှင့် တွေ့ဆုံခဲ့သည်။

ကာတာမှ ကိုယ်စားလှယ်အဖွဲ့သည် သောကြာနေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း ဆွေးနွေးခဲ့ကြောင်း ဘာကေးအီက ပြောကြားသည်။

“မကြာသေးမီရက်များအတွင်း ဒေသတွင်းနှင့် ဒေသတွင်းမဟုတ်သော နိုင်ငံများစွာသည် စစ်ပွဲကိုအဆုံးသတ်ရေးကူညီရန် ကြိုးစားနေကြသည်။ သို့သော် ပါကစ္စတန်သည် တရားဝင်ညှိနှိုင်းရေးမှူးအဖြစ် ဆက်လက်ရှိနေသည်။”

အီရန်၏ အရှေ့ဘက်အိမ်နီးချင်း ပါကစ္စတန်သည် စစ်ပွဲစတင်ကတည်းက အမေရိကန်နှင့် အီရန်အရာရှိများအကြား တိုက်ရိုက်ဆွေးနွေးပွဲများကို ဧပြီလတွင် ကျင်းပခဲ့သည်။

မူနီယာသည် ထိုဆွေးနွေးပွဲများအတွင်း လှုပ်ရှားမှု၏ အဓိကနေရာတွင်ရှိနေခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့စလုံး ရောက်ရှိလာချိန်တွင် ကြိုဆိုခဲ့ပြီး အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်နှင့် ရင်းရင်းနှီးနှီးဆက်ဆံခဲ့သည်။

သို့သော် ဆွေးနွေးပွဲများသည် နောက်ဆုံးတွင် အောင်မြင်မှုမရရှိခဲ့ချေ။ အီရန်က အမေရိကန်ကို “အလွန်အကျွံတောင်းဆိုမှုတွေ” ပြုလုပ်သည်ဟု စွပ်စွဲခဲ့သည်။

နောက်ပိုင်းတွင် နှစ်ဖက်စလုံးက အဆိုပြုချက်အများအပြားဖလှယ်ခဲ့ကြပြီး စစ်ပွဲတစ်ဖန် ပြန်လည်ဖြစ်ပွားမည့် ခြိမ်းခြောက်မှုများ အဆက်မပြတ်ပေါ်ပေါက်လာခဲ့သည်။

အီရန်မီဒီယာများက မူနီယာသည် အီရန်အာဏာပိုင်များနှင့် “ဆွေးနွေးပွဲများ၊ တိုင်ပင်ဆွေးနွေးမှုများ” ဆက်လက်လုပ်ဆောင်ရန် တီဟီရန်ကိုရောက်ရှိလာခဲ့ကြောင်း ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် ရူဘီယိုက ပါကစ္စတန်ခရီးစဉ်နှင့်ပတ်သက်ပြီး “ဒါက ဒီထက်ပိုပြီးတိုးတက်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟုသတင်းထောက်များကို ပြောကြားခဲ့သည်။

အီရန်စစ်ပွဲတွင် ပံ့ပိုးမှုမရှိခြင်းကြောင့် အမေရိကန်၏ နေတိုးမဟာမိတ်များအပေါ် ထရမ့်၏စိတ်ပျက်မှုကို ဖြေရှင်းရန်လိုအပ်ကြောင်း သောကြာနေ့တွင် ၎င်းက ပြောကြားသည်။

အီရန်နဲ့စစ်ပွဲက ကြာရှည်နေရင် ဟော်မုဇ်ရေလက်ကြားကို အတင်းအကျပ်ဖွင့်ဖို့ “ဒုတိယအစီအစဉ်” တစ်ခု ရေးဆွဲရလိမ့်မည်ဟု ဥရောပနိုင်ငံများကို ရူဘီယိုက ထပ်လောင်းပြောကြားခဲ့သည်။

ဖေဖော်ဝါရီလတွင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများ စတင်ခဲ့သည့်အတွက် လက်စားချေသည့်အနေနှင့် အီရန်က ရေနံနှင့် သဘာဝဓာတ်ငွေ့အမြောက်အမြား ပုံမှန်သွားလာနေသော အဓိကသင်္ဘောလမ်းကြောင်းကို ထိရောက်စွာ ပိတ်ဆို့လိုက်သည်။

ဟော်မုဇ်ရေလက်ကြား၏ အနာဂတ်သည် ဆွေးနွေးပွဲများတွင် အဓိက အခက်အခဲတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး စစ်မဖြစ်မီက ရေနံသိုလှောင်မှုများ ကုန်ဆုံးသွားသည်နှင့်အမျှ ကမ္ဘာ့စီးပွားရေးကို ပြင်းထန်စွာထိခိုက်မည်ကို စိုးရိမ်မှုများ တိုးပွားလာနေသည်။

ဥရောပသမဂ္ဂနိုင်ငံများသည် သောကြာနေ့တွင် အီရန်အရာရှိများနှင့် ရေလက်ကြားကို ပိတ်ဆို့ခြင်းအတွက် တာဝန်ရှိသူများအပေါ် ပိတ်ဆို့မှုများချမှတ်ရန် လှုပ်ရှားခဲ့ကြသည်။

ဘာကာအီသည် ရေလက်ကြားရှိ အခြေအနေနှင့် အီရန်ဆိပ်ကမ်းများကို အမေရိကန်ကပိတ်ဆို့ထားခြင်းကိုလည်း စစ်ဆေးရမည့်ကိစ္စရပ်များအဖြစ် ဖော်ပြထားသည်။

“လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ပွဲကိုအဆုံးသတ်ရန်ကိစ္စသည် အလွန်အရေးကြီးပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများတွင် အီရန်၏အဓိပတိခေါင်းဆောင် လုပ်ကြံခံရမှုအတွက် လက်စားချေသည့်အနေဖြင့် ဟစ်ဇ်ဘိုလာသည် အစ္စရေးကို ရော့ကတ်ဖြင့်ပစ်ခတ်ခြင်းဖြင့် လက်ဘနွန်ကို အရှေ့အလယ်ပိုင်းစစ်ပွဲထဲသို့ ဆွဲသွင်းခဲ့သည်။

ဧပြီလ ၁၇ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးသည် တိုက်ခိုက်မှုများဆက်လက်ပြုလုပ်ခဲ့ပြီး တောင်ပိုင်းလက်ဘနွန်တွင် ဒေသခံများကို ရွှေ့ပြောင်းရန် အမိန့်များထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်ဆောင်နေသော ဟစ်ဇ်ဘိုလာကို ပစ်မှတ်ထားသည်ဟု ပြောကြားခဲ့သည်။

မတ်လ ၂ ရက်နေ့မှစ၍ အစ္စရေး၏တိုက်ခိုက်မှုများကြောင့် လက်ဘနွန်နိုင်ငံတွင် အနည်းဆုံး လူ ၃၁၁၁ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန် ကြီးဌာနက ပြောကြားသည်။

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် သောကြာနေ့က ကယ်ဆယ်ရေးသမားခြောက်ဦးနှင့် ကလေးတစ်ဦးအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီး ဌာနက ပြောကြားသည်။

အစ္စရေးစစ်တပ်သည် ဟစ်ဇ်ဘိုလာနှင့် တိုက်ခိုက်နေသော လက်ဘနွန်တောင်ပိုင်းဒေသတွင် လူနှစ်ဦးသေဆုံးခဲ့သည့် သီးခြားလေကြောင်းတိုက်ခိုက်မှုတစ်ခုကိုလည်း ကြေညာခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ကြာသပတေးနေ့တွင် အရာရှိနှစ်ဦးအပါအဝင် “လက်ဘနွန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးသည်” ဟု စွပ်စွဲခံရသော ဟစ်ဇ်ဘိုလာနှင့်ဆက်စပ်နေသော လူပုဂ္ဂိုလ်ကိုးဦးကို ပိတ်ဆို့အရေးယူခဲ့သည်။

၎င်းသည် လက်ဘနွန်အရာရှိများကို အမေရိကန်ပြည်ထောင်စုက ပထမဆုံးအ ကြိမ် ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။

Ref: bangkokpost.com
ယနေ့ခေတ်

အီရန်စစ်ပွဲကို အဆုံးသတ်ရန် တွန်းအားပေးသည့်အနေဖြင့် ပါကစ္စတန်စစ်ဘက်အကြီးအကဲ တီဟီရန်သို့ ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.