အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့သယ်ဆောင်လာသော သင်္ဘောများသည် ဟော်မို့ဇ်မှ ပါကစ္စတန် နှင့် တရုတ်သို့ ထွက်ခွာ

စင်ကာပူ၊ မေ ၂၅

အရည်ပျော် သဘာဝဓာတ်ငွေ့တင် သင်္ဘောနှစ်စင်းသည် တနင်္လာနေ့တွင် ဟော်မို့ဇ်ရေလက်ကြားမှ ထွက်ခွာခဲ့ပြီး ပါကစ္စတန်နှင့် တရုတ်သို့ ဦးတည်နေချိန်တွင် တရုတ်နိုင်ငံသို့ အီရတ်ရေနံစိမ်းတင်ဆောင်လာသော supertanker တစ်စင်းသည် သုံးလနီးပါးသောင်တင်နေပြီးနောက် စနေနေ့တွင် ပင်လယ်ကွေ့မှ ထွက်ခွာသွားကြောင်း သင်္ဘောပို့ဆောင်ရေးအချက်အလက်များက ပြသသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အမေရိကန်-အစ္စရေးက အီရန်ကိုတိုက်ခိုက်သည့်စစ်ပွဲသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ထောက်ပံ့မှု၏ ငါးပုံတစ်ပုံခန့် ပုံမှန်စီးဆင်းနေသည့် ဟော်မို့ဇ်ရေလက်ကြားမှ သင်္ဘောများကို ပိတ်ဆို့ခဲ့သည်။

ထိုသင်္ဘောများသည် အီရန်မှမှာယူထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ဟော်မို့ဇ်ရေးလမ်းကြောင်းမှတစ်ဆင့် သယ်ဆောင်ရန်စီစဉ်ထားပြီး ပိတ်ဆို့ခံနေရသည့် supertanker အနည်းငယ်ထဲတွင် ပါဝင်သည်။ ပြီးခဲ့သည့်အပတ်က အလွန်ကြီးမားသော ရေနံစိမ်းတင်သင်္ဘောကြီးသုံးစင်းသည် ရေနံစိမ်းစည် ၆ သန်းဖြင့် တရုတ်နှင့် တောင်ကိုရီးယားသို့ ထွက်ခွာသွားခဲ့သည်။

သဘာဝဓာတ်ငွေ့တင်သင်္ဘော Fuwairit သည် တနင်္လာနေ့တွင် ဟော်မို့ဇ်ရေလက်ကြားကို ဖြတ်ကျော်နေပြီး အင်္ဂါနေ့တွင် ပါကစ္စတန်၌ ကုန်များကိုချမည်ဟု မျှော်လင့်ရကြောင်း LSEG နှင့် Kpler တို့၏ သင်္ဘောပို့ဆောင်ရေးအချက် အလက်များကပြသသည်။ ဘဟားမားအလံတင်သင်္ဘောသည် မတ်လ ၂၈ ရက်ခန့်တွင် ကာတာနိုင်ငံ Ras Laffan ဆိပ်ကမ်း၌ သဘာဝဓာတ်ငွေ့တင်ဆောင်ခဲ့သည်။ Fuwairit ပိုင်ဆိုင်သော ဂျပန်၏ Mitsui O.S.K. Lines (MOL) အား မှတ်ချက်ပေးရန် ချက်ချင်းဆက်သွယ်၍မရပါ။

သဘာဝဓာတ်ငွေ့နှင့် ရေနံတင်သင်္ဘော Al Rayyan သည်လည်း ရေလက်ကြားမှ ထွက်ခွာသွားခဲ့သည်။ Ras Laffan တွင် ကုန်တင်ဆောင်ထားသော အဆိုပါသင်္ဘောကို မေလ ၂၂ ရက်နေ့က ပင်လယ်ကွေ့တွင် နောက်ဆုံးတွေ့မြင်ခဲ့ရပြီး လက်ရှိတွင် အီရန်နှင့် အိုမန်နိုင်ငံကြား ရေလက်ကြားအပြင်ဘက်တွင်ရှိနေသည်။ ၎င်း၏ကုန်များကို ဇွန်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံ၌ ချပေးမည်ဟု မျှော်လင့်ရကြောင်း LSEG နှင့် Kpler အချက်အလက်များက ပြသနေသည်။ Al Rayyan ကိုပိုင်ဆိုင်သော QatarEnergy သည် ရုံးချိန်ပြင်ပတွင် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပါ။

သီးခြားအနေဖြင့် စနေနေ့တွင် ရေလက်ကြားမှထွက်ခွာခဲ့သော VLCC Eagle Verona သည် ၎င်း၏ကုန်များကို ချပေးရန်အတွက် ဇွန်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ Ningbo ဆိပ်ကမ်းသို့ရောက်ရှိရန် မျှော်လင့်ရကြောင်း LSEG နှင့် Kpler တို့၏ သင်္ဘောဒေတာများက ပြသနေသည်။ အာရှ၏ အကြီးဆုံးရေနံချက်စက်ရုံ Sinopec ၏ ကုန်သွယ်ရေးဌာနခွဲ Unipec မှ ငှားရမ်းထားသော စင်ကာပူအလံလွှင့်ထူထားသောသင်္ဘောသည် ဖေဖော်ဝါရီ ၂၆ ရက်ဝန်းကျင်တွင် Basrah ရေနံစိမ်းစည် ၂ သန်းနီးပါးတင်ဆောင်ခဲ့ကြောင်း အ ချက်အလက်များအရ သိရသည်။

Eagle Verona သည် မလေးရှားက အီရန်ထံမှ ဖြတ်သန်းသွားလာရန် ခွင့်ပြု ချက်တောင်းခံခဲ့သော သင်္ဘောခုနစ်စင်းတွင် ပါဝင်ကြောင်း သတင်းရင်းမြစ်နှစ်ခုက Reuters သို့ အစောပိုင်းကပြောကြားခဲ့သည်။ သင်္ဘောငါးစင်းသည် ရေလမ်းကြောင်းမှ ထွက်ခွာသွားပြီဖြစ်ပြီး နောက်ထပ်နှစ်စင်းမှာ ပင်လယ်ကွေ့တွင် ကျန်ရှိနေသည်။

သင်္ဘောပိုင်ဆိုင်သော Sinopec နှင့် မလေးရှားအစိုးရသင်္ဘောကုမ္ပဏီ MISC တို့အား မှတ်ချက်ပေးရန် ချက်ချင်းဆက်သွယ်၍မရပါ။ စစ်ပွဲမစတင်မီတွင် ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှုသည် တစ်နေ့လျှင် ပျမ်းမျှ ၁၂၅ ကြိမ်မှ ၁၄၀ ကြိမ်အထိရှိခဲ့သည်။ သင်္ဘောသား ၂၀,၀၀၀ ခန့်သည် သင်္ဘောရာပေါင်းများစွာဖြင့် ပင်လယ်ကွေ့အတွင်း ပိတ်မိနေဆဲဖြစ်သည်။

Ref: bangkokpost.com
ယနေ့ခေတ်

အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့သယ်ဆောင်လာသော သင်္ဘောများသည် ဟော်မို့ဇ်မှ ပါကစ္စတန် နှင့် တရုတ်သို့ ထွက်ခွာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.