လန်ဒန်၊ မေ ၂၄
တော့တင်ဟမ်ဟော့စပါး မန်နေဂျာ ရောဘတ်တို ဒီဇာဘီက တန်းဆင်းဇုန်နှင့် ရင်ဆိုင်နေရသည့် ပရီးမီးယားလိဂ်ကလပ်အသင်းအပေါ် သူ၏ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး အင်္ဂလိပ်ဘောလုံးပြိုင်ပွဲ ဒုတိယတန်းကို ကျဆင်းသွားလျှင်လည်း တော့တင်ဟမ်မှာပင် ဆက်နေမည်ဟု ပြောကြားသည်။
တော့တင်ဟမ်သည် တန်းဆင်းဇုန်နောက်ဆုံးနေရာတွင် ဝက်စ်ဟမ်းယူနိုက်တက်အထက် နှစ်မှတ်အသာနှင့်ရှိနေပြီး တနင်္ဂနွေနေ့ ယခုနှစ်ရာသီ နောက်ဆုံးလိဂ်ပွဲစဉ်တွင် အဲဗာတန်နှင့် အိမ်ကွင်းတွင် သရေကျခဲ့ပါက မြောက်လန်ဒန်ကလပ်သည် ဂိုးကွာခြားချက်ကြောင့် ပရီးမီးယားလိဂ်တွင် ရှင်သန်ကျန်ရစ်ရန် သေချာစေမည်ဖြစ်သည်။
သို့သော် အဲဗာတန်ကိုရှုံးနိမ့်ပြီး ဝက်စ်ဟမ်းက လိဒ်စ်ယူနိုက်တက်ကိုအနိုင်ရခဲ့ပါက တော့တင်ဟမ်သည် ၁၉၇၇ ခု နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဆင့်မြင့်လိဂ်မှ တန်းဆင်းသွားနိုင်သည်။
ဧပြီလတွင် ဒီဇာဘီက အသင်းရလဒ်များ မည်သို့ပင်ရှိစေကာမူ နောက်ရာသီတွင် ကလပ်အသင်းကို ဆက်လက်တာဝန်ယူသွားမည်ဟု ပြောကြားခဲ့သည်။ သောကြာနေ့က သူ့စကားကို လိုက်နာမလားလို့ သတင်းထောက်များက မေးမြန်းခဲ့ရာ အီတလီလူမျိုးက “ ဟုတ်တယ်၊ ကျွန်တော်အရာအားလုံးကို အတည်ပြုပါတယ်။” ဟု ဆိုသည်။
“ စပါးအသင်းရဲ့ နည်းပြတစ်ယောက်ဖြစ်ရတာက ဂုဏ်ယူစရာပါပဲ၊ တနင်္ဂနွေနေ့မှာ တန်းဆင်းဇုန်တိုက်ပွဲအတွက် ကစားရရင်တောင် ပြဿနာမရှိပါဘူး။ ဘောလုံးကို လိဂ်ဇယားထက် ပိုအရေးကြီးတဲ့အရာလို့ ကျွန်တော်ယူဆပါတယ်” ဟု ဆိုသည်။
“ ကျွန်တော်တို့ဟာ လူတိုင်းအတွက် အရမ်းအရေးကြီးတဲ့အရာတစ်ခုအတွက် တိုက်ပွဲဝင်နေပါတယ်။ ဘောလုံးပါပဲ။ ဒါပေမယ့် ကျွန်တော်တို့မှာ လုံလောက်တဲ့အရည်အသွေးရှိပါတယ်။ ဖိအားတွေကို တိုက်ဖျက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတ္တိရှိအောင်ရှာဖွေရမယ်၊ အခြေအနေကိုနားလည်ရမယ်၊ အကောင်းဆုံးပေးဆပ်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရမယ်။” ဟု ပြောကြားသည်။
Ref: channelnewsasia.com
ယနေ့ခေတ်
တန်းဆင်းသွားမည်ဆိုလျှင်လည်း တော့တင်ဟမ်မှာပင် ဆက်နေမည်ဟု ဒီဇာဘီ ကတိပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်