ရန်ကုန်၊ မေ ၂၅
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့တွင် အမျိုးသားနှစ်ဦး ဒုဌဝတီမြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
မေလ ၂၄ ရက်က စဉ့်ကိုင်မြို့ ပေါ်တော်မူဘုရားအနီး၊ ဒုဌဝတီမြစ်အတွင်း အမျိုးသားနှစ်ဦးရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သူတို့က ရေချိုးသွားရင်နဲ့ရေနစ်တာ။ အမျိုးသားနှစ်ယောက်။ တစ်ယောက်ကတော့ရှာတွေ့ပြီ။ မနေ့က ကျွန်တော်တို့တစ်နေ့ကုန်နီးပါးရှာကြတာ။ အဓိကတော့ မိသားစုတွေကိုယ် တိုင်က ရှာခိုင်းတာဆိုတော့။ မိသားစုတွေနဲ့ အဆက်အသွယ်ရပါပြီ။ နောက်တစ်ယောက်ကတော့ မိသာစုတွေကလည်း မရှာနဲ့တော့ဆိုလို့ ရှာတာတော့ ရပ်လိုက်ပြီ။ အသက်က ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးပါ။” ဟု လူကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရေနစ်သေဆုံးသည့် အမျိုးသားနှစ်ဦးတွင် ရှာဖွေတွေ့ရှိခဲ့သည့်တစ်ဦး၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)က စဉ့်ကိုင်ဆေးရုံကြီးမှတစ်ဆင့် နယ်မြေခံလူမှုကူညီရေးအဖွဲ့က သာစည်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မေလ ၁၀ ရက်၊ နံနက် ၁၁ နာရီကျော်ကလည်း၊ လွိုင်ကော်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာရှိ လူငယ်ခြောက်ဦး သဲချောင်းတွင်း ရေဆင်းကူးရာမှ ယောင်္ကျားလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ဧပြီလ ၁၁ ရက်၊ ညနေ့ပိုင်းကလည်း ဘားအံမြို့ဘားကပ်ကျေးရွာလင်းနို့ဂူအနီး၊ သံလွင်မြစ်အတွင်း အသက် ၁၀ နှစ်ကျော် ယောင်္ကျားလေးနှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားသည့်ခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)
ယနေ့ခေတ်
စဉ့်ကိုင်မြို့တွင် အမျိုးသားနှစ်ဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်