ရန်ကုန်၊ မေ ၂၅
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အရှေ့ဘက်တွင် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ကျေးရွာ ၂၀ နီးပါးရှိ ဒေသခံထောင်ချီကာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
မေလ ၂၄ ရက်က၊ အုတ်မြို့တွင် အစိုးရတပ်နှင့် PDF လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ကျေးရွာ ၂၀ နီးပါးမှ ဒေသခံထောင်ချီကာ စစ်ဘေးရှောင်နေရပြီး အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။
“အခုတိုက်ပွဲဖြစ်နေတာက အုတ်ဖိုအရှေ့ဘက်ပေါ့နော်။ ရွာတွေမှာဖြစ်နေတာ။ ရွာတွေကတော့ တော်တော်များပါတယ်။ သိရသလောက်ဆိုရင် ကြို့ကိုးပင်ရွာ၊ ဒေါင်းကြီးရွာ၊ ကိုင်းကြီး၊ ကျွဲတဲကုန်း အဲ့ဘက်တွေမှာဖြစ်နေတာပါ။ စစ်ရှောင်တဲ့တွေလည်းများပါတယ်။ စစ်ရှောင်တဲ့သူတွေမှာ စားသောက်ရေးတွေ လိုအပ်နေပါတယ်။ ပြေးလွှားရင်း နိုင်သလောက်ပဲပါကြတော့ နီးစပ်တဲ့ရွာတွေကနေ ပေးနိုင်ရင်တော့ ကောင်းပါတယ်။ လောလောဆယ်တော့ နီးစပ်ရာတွေကို ရှောင်ကြရတာပေါ့နော်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် အုတ်ဖိုမြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာအချို့မှ ဒေသခံများ အုတ်ဖိုမြို့ပေါ်သို့ စစ်ဘေးရှောင်လာကြသူများလည်းရှိနေကြောင်း သိရသည်။
“မြို့ပေါ်ကို တစ်ချို့တစ်ဝက်တော့ လာရှောင်ကြတာတွေရှိတယ်။ ဟိုလိုမျိုး ရုတ်ရုတ်သဲသဲဖြစ်တာမျိုးတော့ မရှိသေးဘူး။ မြို့ပေါ်ကတော့ ပုံမှန်အတိုင်းပါပဲ။ ဖြစ်နေတာ စိုးရိမ်ရတာက ပဲခူးရိုးမတောင်ခြေနဲ့ နီးတဲ့ရွာတွေကတော့ စိုးရိမ်ရပါတယ်။ တိုက်ပွဲဖြစ်နေတာတော့ ကြားရပါတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မေလ ၂၁ ရက်နေ့ကလည်း၊ ပဲခူးတိုင်းအရှေ့ဘက် အုတ်ဖိုမြို့၊ ချောင်းဂွကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၃ ရက်နေ့ကလည်း လိပ်သိုလ်မြို့နှင့်နီးစပ်သည့် ကျေးရွာများမှ တောင်ငူမြို့သို့ စစ်ဘေးရှောင်လာသူ ၁၆၀၀ ကျော်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါလ ၇ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နှင့် နလအတပ်တို့ တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်လူဦးရေ ၃၀၀ ကျော်ရှိကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူဦးရေ ၃ ဒသမ ၆ သန်းခန့် နေရပ်စွန့်ခွာပြီး စက်တင်ဘာလအတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ပိုမိုများပြားလာခဲ့ကြောင်း OCHA Myanmar ၏ထုတ်ပြန်ထားချက်အရ သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – #CJ
ယနေ့ခေတ်
အုတ်ဖိုမြို့တွင် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ဒေသခံထောင်ချီကာ စစ်ဘေးရှောင်နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်