နမ့်ခမ်းမြို့တွင် ယမ်းထုတ်လုပ်သည့်ဂိုထောင် ပေါက်ကွဲမှုကြောင့် ဒေသခံ ၄၆ ဦးသေဆုံး၊ ၇၄ ဦးဒဏ်ရာရ ဟုဆို

ရန်ကုန်၊ မေ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကောင်းတပ်ရွာတွင် ယမ်းထုတ်လုပ်သည့်ဂိုထောင် ပေါက်ကွဲမှုဖြစ်ပွားကာ ဒေသခံ ၄၆ ဦးသေဆုံးပြီး၊ ၇၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၃၁ ရက်၊ နေ့လည်ပိုင်းက TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ ကောင်းတပ်ရွာတွင် ယမ်းထုတ်လုပ်သည့် ဂိုထောင်ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ဒေသခံကလေးခြောက်ဦးအပါအဝင် ၄၆ ဦးသေဆုံးခဲ့ပြီး၊ ၇၄ ဦးထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ယမ်းထုတ်လုပ်တဲ့ သိုလှောင်ထားတဲ့နေရာလို့ သိရတယ်။ ဘယ်ကနေစပေါက်ကွဲတယ်ဆိုတာတော့ သေချာမသိရသေးဘူး။ နေအိမ်ဆိုရင် တစ်ရပ်ကွက်လုံးကိုပါသွားတာ။ လူသေတာတွေက သူ့ရဲ့တုန်ခါမှုတွေကြောင့် တိုက်တွေကပြိုလဲပြီး ဖိမိပြီးသေတာတွေ။ ဒဏ်ရာရတာတွေ အမျိုးမျိုးတွေဖြစ်တာ။ သေဆုံးတဲ့အထဲမှာ ကလေးခြောက်ယောက်ပါတယ်။ စုစုပေါင်းသေတာ ၄၆ ယောက်။ ဒဏ်ရာရတာ ၇၄ ယောက်။” ဟု မှုဆယ်မြို့ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါပေါက်ကွဲမှုတွင် သေဆုံးသူများပြားသဖြင့် မဖော်ထုတ်ရသေးသည့် ရုပ်အလောင်းများ ကျန်ရှိနေသေးကြောင်း သိရသည်။

“နေအိမ်တွေပြင်ဆင်မှုကတော့ မလုပ်နိုင်ကြသေးဘူး။ အလောင်းတွေတောင် ကျန်သေးတယ်ပြောတယ်။ တချို့ မထုတ်နိုင်သေးဘူး။ ကူညီရေးအသင်းတွေအနေနဲ့ကတော့ မှုဆယ်ကအသင်းတွေနဲ့ နမ့်ခမ်းကအသင်းတွေပေါင်းပြီး ကယ်ဆယ်ရေးတွေလုပ်ဆောင်နေပါတယ်။” ဟု မူဆယ်မြို့ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။

ယမ်းဂိုထောင်ပေါက်ကွဲမှုတွင် သေဆုံးသွားသည့် ရုပ်အလောင်းများကို မှုဆယ်မြို့မှ လူမှုကူညီရေးအသင်းများနှင့် နမ့်ခမ်းမြို့ရှိ လူမှုကူညီရေးအသင်းများ ပူးပေါင်းကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ
ယနေ့ခေတ်

နမ့်ခမ်းမြို့တွင် ယမ်းထုတ်လုပ်သည့်ဂိုထောင် ပေါက်ကွဲမှုကြောင့် ဒေသခံ ၄၆ ဦးသေဆုံး၊ ၇၄ ဦးဒဏ်ရာရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.